Menu

Popular Posts

Friday, September 23, 2011

The Innovator’s DNA

Jeffery H. Dyer, Hel B. Gregersen, & Clayton M. Christensen (HBR December 2009)

လူအများစုက တီထွင်ကြံဆတယ်ဆိုတာ အရမ်းရှုပ်ထွေးခက်ခဲတယ်လို့ထင်ကြပါတယ်။ ဒီလို တီထွင်တတ်ဖို့ဆိုတာ သာမန်လူတွေ လက်လှမ်းမမှီနိုင်ဘူးလို့လည်း ထင်ကြပါတယ်။ ကိုယ်အဖွဲ့အစည်းထဲကိုတီထွင်ကြံဆနိုင်တဲ့ လူတွေ အလုပ်ဝင်လုပ်လာအောင်၊ ကိုယ့်ကိုယ်ကိုတီထွင်ကြံဆနိုင်စွမ်းရှိတဲ့သူ ဖြစ်လာအောင်ဘယ်လိုလုပ် ကြမလဲဆိုတာတွေက ဒီနေ့ခေတ်မှာအရမ်း အရေးကြီးလာပါတယ်။ တချို့လူတွေအတွက် တီထွင် ကြံဆနိုင်စွမ်းဆိုတာ မွေးရာပါအရည်အချင်းတစ်ခုဖြစ်ပေမယ့် အဲဒီ့အရည်အချင်းမပါလာတဲ့လူတွေကလည်း ကိုယ့်ဘာသာကိုယ်creative ဖြစ်အောင် ပြုစုပျိုးထောင်လို့ရနိုင်ပါတယ်။

Innovative ဖြစ်တဲ့ စွန့်ဦးတီထွင်သူ ၂၅ ယောက်၊ ကုမ္ပဏီအရာရှိ ၃၀၀၀ ကျော်နဲ့ ပစ္စည်းသစ်တီထွင် တဲ့လူ ၅၀၀ တို့ကို ၆ နှစ်ကြာ တွေ့ဆုံလေ့လာပြီးတွေ့ရှိခဲ့တာကတော့ creative ဖြစ်တဲ့လူတွေမှာ ရှာဖွေ တွေ့  ရှိထုတ်ဖော်နိုင်သော အရည်အသွေး - (Discovery Skills) - ၅ ချက်ရှိတယ်ဆိုတာပါပဲ။ အဲဒီ့အရည်အသွေးတွေမှာ စဉ်းစားတဲ့အပိုင်းနဲ့ လက်တွေ့ပိုင်းဆိုပြီး နှစ်ပိုင်းရှိပါတယ်။ စဉ်းစားတဲ့အပိုင်းမှာ ဆက်စပ်တွေးခေါ်ခြင်းက အဓိကဖြစ်ပြီး လက်တွေ့ ပိုင်းလုပ်ဆောင်တဲ့အပိုင်းမှာ မေးခွန်းတွေမေးတာ ၊ ကြည့်ရှုလေ့လာတာ ၊ လက်တွေ့ ပြုလုပ်တာနဲ့ လူမှုကွန်ယက်ကျယ်ပြန့်စွာ ထားတာတွေ ပါဝင်ပါတယ်။

Discovery Skill 1 - ဆက်စပ်တွေးခေါ်ခြင်း (Associating)

ပထမဆုံးအရည်အချင်းတစ်ခုကအပေါ်ယံကြည့်ရင် ဘယ်လိုမှမဆက်စပ်တဲ့ မတူညီတဲ့ ဘာသာရပ်နယ်ပယ် တွေကအမြင်တွေကိုဆက်စပ် စဉ်းစားနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ Intelligence ရှိရုံသာမကဘဲ သဘော တရားတွေကို ခြုံငုံပြီး ဆက်စပ်စဉ်းစားခြင်း (Holistic Thinking)ဆိုမျိုးလိုပါတယ်။ မတူညီတဲ့ ဘာသာရပ်တွေ ဆက်စပ်တွေးခေါ်ခြင်းအားဖြင့်ဥရောပတွင် Renaissance လို့ခေါ်တဲ့အင်မတန်မှ Innovative ဖြစ်တဲ့ အတွေးအခေါ်သစ်တွေပေါ်ပေါက်လာခဲ့တဲ့ဉာဏ်သစ်လောင်း ခေတ်ကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဥပမာ- Steve Jobs ဆိုရင်လည်း သူ့ဘ၀တစ်လျှောက်လုံးကမတူတဲ့ idea တွေကို ချိတ်ဆတ်ပြီးတွေးခေါ်ရာကနေ  အောင်မြင်နေသူဖြစ်ပါတယ်။

Discovery Skill 2 - မေးခွန်းများမေးခြင်း (Questioning)

စီမံခန့် ခွဲမှုပိုင်းမှာ ဆရာတစ်ဆူဖြစ်တဲ့ Peter Drucker က အဖြေမှန်ရဖို့က အခက်ဆုံးပြဿနာမဟုတ်ဘူး၊ မေးခွန်းမှန်ရဖို့ကအခက်အခဲဆုံးဖြစ်တယ်လို့ဆိုပါတယ်။ Tata ကုမ္ပဏီရဲ့ Chairman ဖြစ်သူ ကလည်း မမေးအပ် တဲ့၊ မမေးရဲတဲ့ မေးခွန်းမျိုးတွေလျှောက်မေးကြည့်ပါ (Question the unquestionable) လို့ဆိုတယ်။ထူးထူးခြားခြားတီထွင်ကြံဆမှုရှိတဲ့ မေးခွန်းတွေထွက်လာဖို့ဆိုတာက သာမန်ပဲ စဉ်းစားနေကျ လူတွေအတွက် ဆိုရင်တော့ စိန်ခေါ်မှုတစ်ရပ် ပဲပေါ့။တီထွင်ကြံဆနိုင်ဖို့ဆိုရင် ဒီလိုမေးခွန်းတွေမေးရပါတယ်...
"ဘာကြောင့်ဖြစ်ရတာလည်း"
"ဘာကြောင့်မဖြစ်ရတာလည်း"
"တကယ်လို့များ တစ်ခုခုဖြစ်ခဲ့ရင်" ဆိုတာမျိုးတွေပါ...

မန်နေဂျာတွေနဲ့ ဒါရိုက်တာအများစုက လက်ရှိအခြေအနေကနေနည်း နည်း ထပ် တိုးတက်ဖို့ကိုပဲ အလေးပေးတဲ့ မေးခွန်းတွေပဲ မေးတတ်ကြတယ်။ တီထွင်ကြံဆတတ်တဲ့စွန့်ဦးတီထွင်တဲ့သူတွေကတော့အမြဲ စွဲထားတဲ့ ယူဆချက်တွေနဲ့ သမရိုးကျအတွေးအခေါ်တွေကို စိန်ခေါ်တဲ့ မေးခွန်းတွေအမြဲတမ်းထုတ်ပြီး စဉ်းစားနေတတ်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာအများနဲ့ဆန့်ကျင်တတ်တတ်တဲ့ သူတွေ အမြဲလိုလို ရှိတတ်ပါတယ်။ အဲဒီ့လူတွေကအားလုံးက ကောင်းတယ်လို့သဘောတူထားတဲ့ ကိစ္စတွေကိုလည်းကန့်လန့်လုပ်တတ်တယ်။ ဆန့်ကျင်ဘက်လုပ်ရာကနေ ပိုကောင်းတဲ့ အမြင်တွေ၊ နည်းလမ်းတွေ၊ Idea အသစ်တွေရတတ်ပါတယ်။

ဒါ့ကြောင့် တချို့အဖွဲ့အစည်းတွေမှာ Idea အသစ်တွေလိုလာရင် Brainstorming လုပ်တဲ့ အခါမျိုး၊ Quality Circle ဖွဲ့စည်းတဲ့ အခါမျိုးတွေမှာကန့်လန့်တိုက်ဖို့ Devil’s Advocate တစ်ယောက်ကိုရွေးပြီး အဖွဲ့ဖွဲ့ပေးတတ်ပါတယ်။ Idea Generation အတွက် မတူတဲ့ Idea တွေများများရ ဖို့အတွက်ပါ။ ဒါကြောင့် ဆန့်ကျင်ဘက်ကိုအမြဲတမ်း တွေးတွေးပေးဖို့လိုပါတယ်။

တီထွင်ကြံဆတဲ့လူတွေကသူတို့စိတ်ထဲမှာကိစ္စတစ်ခုခုနဲ့ပတ်သတ်ပြီးလုံးဝဆန့်ကျင်နေတဲ့ အတွေးနှစ်မျိုး ရှိနေတတ်တယ်။ ဆန့်ကျင်ဘက်ကို တွေးပေး ခြင်းအားဖြင့် သမားရိုးကျ မဟုတ်တဲ့ နည်းသစ်တွေ ရလာနိုင် ပါတယ်။

Discovery Skill 3 - ကြည့်ရှုလေ့လာခြင်း (Observing)

ကုမ္ပဏီအရာရှိတွေက နေ့စဉ်ဘ၀ ဖြစ်ရပ်တွေ၊ အခြေအနေ တွေကိုလေ့လာပြီးတော့လည်းသာမန် မဟုတ်တဲ့ စီးပွားရေး အကြံဉာဏ်တွေရတတ်ပါတယ်။ ကြည့်ရှု လေ့လာတယ်ဆိုတာက အသေးစိတ် လေ့လာရ
မှာဖြစ်တယ်။ အဓိကအားဖြင့် မိမိရဲ့ကုန်ပစ္စည်းတွေကို ၀ယ်ယူနိုင်တဲ့လူရဲ့အခြေအနေ၊ အပြုအမှုတွေကို အသေးစိတ် ကြည့်ရှုလေ့လာဖို့ လိုပါတယ်။ တခြား Company တွေရဲ့ activitiesSupplier ရဲ့ activities ၊ နဲ့ ပြိုင်ဘက် ရဲ့ activities တွေကိုလေ့လာစောင့်ကြည့်ပြီး စီးပွားရေးအမြင်သစ်တွေရလာမှာပါ။

Discovery Skill 4 - လက်တွေ့စမ်းသပ်ခြင်း (Experimenting)

Innovators တွေက သူတို့ရဲ့idea တွေကို ပုံစံငယ်လုပ်ပြီး လက်တွေ့စမ်းသပ်တတ်ပါတယ်။ သူတို့ကသူတို့ ကျင်လည်တဲ့ ပတ်ဝန်းကျင်ကို စမ်းသပ်ခန်းလို သဘောထား တတ်ပါတယ်။ ဒီလို လက်တွေ့လုပ်ပြီး လက်တွေ့ဘ၀အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီးပိုမိုဆန်းသစ်တဲ့ အတွေးအခေါ်တွေရလာနိုင်တာပေါ့။

Discovery Skill 5 - လူမှုကွန်ယက်ကျယ်ပြန့်စွာ ထားခြင်း (Networking)

တီထွင်ကြံဆတဲ့သူတွေက မိမိ နှင့်မတူညီတဲ့ အမြင်ရှိတဲ့လူတွေနဲ့အပေါင်းအသင်းလုပ် ဆက်ဆံတတ်ပြီး သူတို့ရဲ့အသိပညာ အ၀န်းအ၀ိုင်း ပိုမိုကျယ်ပြန့်လာအောင် လုပ်တတ်ကြပါတယ်။ သူတို့က ဒေသခြား၊ နိုင်ငံခြားက မတူညီတဲ့ဘ၀၊ မတူညီတဲ့ နေထိုင်မှုပုံစံတွေကို လေ့လာတတ် ပါတယ်။

နိုင်ငံတကာဆွေးနွေးပွဲတွေတက်ပြီးစွန့်ဦးတီထွင်သူတွေ၊ ပညာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ စွန့်စားသူတွေ၊ အတွေးအခေါ်ပညာရှင်တွေနှင့်နှီးနှောဖလှယ်တွေ့ဆုံတာတွေ လုပ်ပြီး တော့လည်း အတွေးအခေါ်သစ် တွေရနိုင်ပါတယ်။ စွန့်ဦး တီထွင်ကြံဆမှုဆိုတာ မွေးကတည်းက ကိုယ့်သွေးထဲမှာ မတော်တဆ ပါလာခြင်းမျိုး မဟုတ်ပါဘူး။ ဆန်းသစ် တီထွင်တတ်ဖို့ကိုယ့်ဘက်က အမြဲတမ်း လေ့ကျင့်ပြင်ဆင်နေဖို့ လိုအပ်တယ်။

အဓိကအားဖြင့် ယခုဖော်ပြခဲ့တဲ့ Skills တွေကို သိရှိ နားလည်း ရုံတင်မဟုတ်ဘဲလက်တွေ့ ဘ၀မှာအကျင့်ဖြစ်သွား တဲ့အထိလေ့ကျင့် ပေးရမှာပါ။ အများနဲ့မတူတဲ့ တွေးခေါ်မှုမျိုးရဖို့အတွက် ပုံမှန်တွေးခေါ်မှုပုံစံတွေကခွဲထွက်ပြီး ဘောင်ခတ်မထားဘဲ လွတ်လပ်စွာ တွေးခေါ်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။

Written by:

Aung Kyaw Htay
Training & Student Service Manager
Strategy First Institute

Download လုပ်ရန်
www.strategyfirstinstitute.com/index.htm

No comments:

Post a Comment