Menu

Popular Posts

Sunday, June 19, 2011

သမီးအတွက် ဖေဖေ



“ဖေဖေ” လို့ တိုးတိုးလေးငြီးကာ
ဘ၀ရဲ့မြင့်မိုရ်တောင်ကြီးကိုဦးခိုက်
သမီးသတိရလိုက်တာ ။။။
သားသမီးတွေကို ချစ်ခြင်း
စကားလုံးတွေနဲ့ဖွင့်မပြတတ်ဘဲ
ရင်ဘတ်နဲ့အမြဲခင်းပြခဲ့တယ်
သူ့ရင်က နူးညံ့ခြင်းနဲ့ဆီမီးအလင်းအမြဲထွန်းပေးခဲ့တာ ။။။

သမီးကြီးကိုအဦးဆုံးမို့အားကိုး
မျှော်လင့်ချက်တနင့်တပိုးနဲ့ဆို
သားလတ်အတွက်စိုးရိမ်ခြင်းကလည်း
တန်းတူထက်လျော့ခြင်းမရှိခဲ့ပါဘူး
အငယ်ဆုံးသမီးမို့ အချစ်ပို
ဖေဖေ့အတွက် အပြစ်မဆိုရက်တဲ့ ရတနာလေးတွေအလား ။။။
မောင်နှမတွေလူတန်းစေ့ဖို့
ကြိုးကုတ်ကာအားထုတ်ငြား
ဝိသမလောဘမထား
တရားမျှတခြင်းနဲ့သာရှာဖွေခဲ့တဲ့ဖေဖေ
သူများလိုမသုံးနိုင်ခဲ့လဲ
သမီးတို့ရင်ထဲ ဂုဏ်ယူမြဲပါဖေဖေ ။။။
အလုပ်ကပြန်လာမဲ့ သမီးငယ်ကိုစောင့်
ထမင်းတူတူစားချင်တဲ့ဖေဖေ
အိမ်ပြန်နောက်ကျလို့ အပြစ်ဆိုတာပဲမြင်
စိတ်ပူခြင်းနောက်ကွယ်ကို သမီးမမြင်ခဲ့ဘူး
လူငယ်စိတ်နဲ့ငြူစူပြုခဲ့လည်း ဖေဖေ အပြစ်ယူမှုမပြုခဲ့ဘူးနော် ။။။

ဥစ္စာအမွေမှာအားနည်းလို့ ပညာအမွေကိုအားပေးခဲ့တယ်
လူကြားထဲထင်ပေါ်ဖို့မတွေး သားသမီးအရေးသာအလေးပေးခဲ့တယ်
ပတ်ဝန်းကျင်စကားဂရုမထား သမီးတို့ဘ၀လှရေးသာတွေးပေးခဲ့တယ်
ဖခင်ဝတ္တရားကျေရုံထက်ပို မေတ္တာတွေပါလွှမ်းခြုံပေးခဲ့တယ်
သမီးတို့အတွက်လုံခြုံမှုပေး ထာဝရမလဲနိုင်တဲ့အားဆေးတွေပါ။
သမီးတို့ဘ၀လှပ ဖေဖေ့စေတနာတွေနဲ့ပါ
သမီးတို့ဘ၀တင့်တယ် ဖေဖေ့အားစိုက်မှုတွေနဲ့ပါ
သမီးတို့ဘ၀တိုးတက် ဖေဖေ့ဆုံးမှုတွေနဲ့ပါ
သမီးတို့အတွက်အဖိုးမဖြတ်နိုင် အနဂ္ဂထိုက်တန်တဲ့ဖေဖေပါ ။။။
မွေးမေမေကျေးဇူး အထူးကျေအောင်ဆပ်ဖို့လိုရင်
ကျွေးဖေဖေကျေးဇူးကလည်း နှိုင်းတုလို့မမှီပါဘူး
မြင့်မိုရ်တောင်ကဲ့သို့ကြီးမားတာ ဖေဖေ့ကျေးဇူးတရားတွေပါ
ဒါကြောင့်
ဆုတောင်းတိုင်းသာဖြစ်လာရမှု ရင်ဝယ်တောင်းဆုပြုချင်ပါသည်
ဘ၀ဆက်တိုင်းဖြစ်ရပါစေ ဖေဖေ့ချစ်သမီးအဖြစ်နဲ့လေ ။။။




(Save The Aged မှ Post တစ်ခုပါ...  အဖေများနေ့ ကိုဂုဏ်ပြုလျှက် ... ဒီ Post ဖြင့်  ဖေဖေအား ဂ၀ါရပြု ကန့်တော့အပ်ပါသည်။)

No comments:

Post a Comment