Menu

Popular Posts

Friday, September 2, 2011

စကားတန်ဆာအလင်္ကာ

ဖွဲ့ဖွဲ့နွဲ့နွဲ့ စကားပြောတဲ့အခါ စာရေးကြတဲ့အခါမှာ အလင်္ကာတွေသုံးလေ့ရှိပါတယ်။ ဘာသာစကားလေ့လာကြတဲ့အခါမှာ ပထမတော့ စကားပြောကို လေ့လာကြပြီးတော့ အဆင့်မြင့်လာတဲ့အခါမှာတော့ စာပေကိုလေ့လာတဲ့အဆင့်သို့ရောက်လာကြပါတယ်။ ဒီလိုစာပေအနုပညာကို ဖန်တီးဖို့ပဲဖြစ်ဖြစ်၊ ခံစားဖို့ပဲဖြစ်ဖြစ် ရေးကြ၊ ဖတ်ကြမယ်ဆိုရင် အလင်္ကာလို့ ပြောရမယ့် Figure of speech တွေကို မသိမဖြစ် သိထားသင့်ပါတယ်။

စကားလုံးတွေမှာတိုက်ရိုက်သိနိုင်တဲ့ မူရင်းအနက် (connotation) နဲ့ ကောက်ချက်ဆွဲယူရတဲ့ ဆင့်ပွားအနက် (denotation) ရယ်လို့ရှိကြပါတယ်။ မြွေ ဆိုတဲ့စကားလုံးကိုမြင်လိုက်တာနဲ့ အဆိပ်ရှိသော ရှည်ရှည်မျောမျော တွင်းအောင်သတ္တ၀ါ connotation ကိုရပါတယ်။ သူ့ရဲ့နောက်ကွယ်ကမှ ကြောက်စရာကောင်းသော၊ အန္တရယ် ပေးတတ်သောအရာဆိုတဲ့ denotation ကိုလည်းရနိုင်ပါတယ်။ ဒါကြောင့်လည်း အခုခေတ်ဗန်းစကားမှာ ပြဿနာ ရှာတတ်တဲ့သူဆိုရင် "ဒီကောင်ကတော့ မြွေ ပဲ" "မြွေ ဖမ်းတယ်" လို့ပြောကြတယ်မလား။

အလင်္ကာ တွေဟာ ဆင့်ပွားအနက်ကိုအဓိကယူသုံးကြတာတွေ့ရပါတယ်။ အင်္ဂလိပ်စာပေမှာတော့ အလင်္ကာတွေ တော်တော်များများရှိပါတယ်။ အဲဒီအထဲကမှ ကျောင်းသားတွေ မြန်မာလိုသိပြီးသားဖြစ်တဲ့၊ သိသင့်တဲ့အလင်္ကာတစ်ချို့ကို ရွေးပြီး တင်ပြသွားပါမယ်။

Metaphor (ရူပကအလင်္ကာ)
ဆယ်တန်းမှာတုန်းက မြန်မာစာမှာ အလင်္ကာတွေအော်ကျက်ခဲ့ကြတာ မှတ်မိဦးမှာပါ။ "ဂုဏ်ရည်တူနှစ်ခုကို ထပ်တူပြု ယှဉ်တွဲသုံးနှုံးခြင်းကို ရူပကအလင်္ကာဟုခေါ်သည်" ဆိုတာလေ။ အင်္ဂလိပ်လိုတော့ metaphor ပါတဲ့။ (အသံထွက်မှားနိုင်ပါသည်။ အဘိဓါန်နှင့်စစ်ကြည့်ပါ။)

A metaphor is a literary figure of speech that uses an image, story or tangible thing to represent a less tangible thing or some intangible quality or idea; e.g., "Her eyes were glistening jewels".
 
wikipedia

ဆုပ်ကိုင်ပြဖို့ခက်တဲ့အရာကို ထိတွေ့မြင်သာနိုင်တဲ့ပုံရိပ်တစ်ခုခုနဲ့နှိင်းယှဉ်ပြလေ့ရှိပါတယ်။ သာမန်အားဖြင့်မတူတဲ့အရာနှစ်ခုကို တူသယောင် နှိင်းယှဉ်ပြလိုက်တဲ့အခါ သုံးတတ်ရင်သုံးတတ်သလောက် လှပတာကိုခံစားရမှာပါ။  မြန်မာတွေဆိုရင် ဒုက္ခပင်လယ်ဝေ တယ်လို့ပြောလေ့ရှိတယ်။ အင်္ဂလိပ်ကလည်း a sea of troubles တဲ့။ ဘ၀ဆိုတာ ခရီးရှည်ပဲ။ Life is a journey. အချစ်မှာကျရှုံးခြင်း။ ရုန်းထွက်ဖို့ခက်တယ်။ Falling in love.
အချိန်ဟာငွေပဲ။ Time is money.

I can mingle with the stars, and throw a party on Mars;
I am a prisoner locked up behind Xanax bars."
(Lil Wayne, "I Feel Like Dying")

ကြယ်တွေနဲ့တွဲပျော်၊ နွှဲမကွဲ့ပွဲတော်
ဂြိုလ်အင်္ဂါပေါ်မှာလ. . .
. . .ဇန်းနက်သံတိုင်နောက်ဆီက
လှောင်ပိတ်ခံအကျဉ်းစံတစ်ယောက်ရယ်ပ။
xanax (စိတ်ညိမ်ဆေးတစ်မျိုး)

"Time is a dressmaker specializing in alterations."
(Faith Baldwin, Face Toward the Spring, 1956)
အချိန်ဆိုတာ ပုံစံပြောင်းရာမှာကျွမ်းကျင်တဲ့ အပ်ချုပ်သမားပဲ။

simile(ဥပမာအလင်္ကာ)
အသုံးအများဆုံးအလင်္ကာတစ်ခုပါပဲ။ လူနှစ်ယောက်မတည့်ဘဲခဏခဏရန်ဖြစ်ကြရင် " ကြွက်နဲ့ကြောင်အတိုင်းပဲ။"

"ခင့်မျက်နှာဝါ၀ါဝင်း
ရွှေလမင်း ပုံနှယ်" တို့  ဦးပုံညရဲ့ ရေသည်ယောက်ျားပြဇတ်ထဲက "ဘိန်းစားဆေးငတ် ဆေးမပြတ်သည့်နှယ်"

စသည်ဖြင့်တင်စားသုံးနှုံးပုံဖြစ်ပါတယ်။ သူ့မှာက metaphor ထက်ပိုပြီးတိုက်ရိုက်ကျတဲ့သဘော ရှိပါတယ်။ like, such as, as, as... as  ဆိုတဲ့စကားလုံးတွေနဲ့သုံးပါတယ်။
ဥပမာ-
He is like a mouse in front of the teacher.
ဆရာရှေ့ရောက်ရင်တော့ ကြွက်ကလေးအတိုင်းပဲကုပ်နေတယ်။

He fights like a lion.
ခြင်္သေ့တစ်ကောင်အလားတိုက်ခိုက်တယ်။

as .... as ပုံစံတွေကတော့ အများကြီးပါပဲ။
As black as coal○
As black as pitch
As blind as a bat
As blind as a mole
As bold as brass
As brave as a lion
As bright as a new pin
As broad as it is long

Hyperbole အတိသယ၀ုတ္တိအလင်္ကာ
Hyperbole haɪˈpɜrbəliː/ hy-pur-bə-lee; is the use of exaggeration as a rhetorical device or figure of speech. It may be used to evoke strong feelings or to create a strong impression, but is not meant to be taken literally.

လိုချင်သည့်အချက်ကိုပေါ်လွင်အောင်ပြချင်လို့ဖြစ်စေ၊ သရော်ရာ၊ ဟာသရသမြောက်အောင်ရေးရာမှာဖြစ်စေအလွန်အကျူးဖွဲ့ဆိုခြင်းဖြင့် ထင်ရှားအောင်ပြတဲ့အနေနဲ့ရေးလေ့ရှိပါတယ်။ မကြာခဏကြားဖူးနေကျစကားလုံးတွေဖြစ်တဲ့  "မင်းကိုပြောတာအကြိမ်တစ်ထောင်လောက်ရှိပြီ" I've told you a million times.  အချုပ်တန်းဆရာဖေရဲ့
"ချမ်းပုံမှာကမ်းကုန်ရစ်တာမို့
မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့"

ဆိုတာမျိုးနဲ့ခပ်ဆင်ဆင်
“It was so cold, I saw polar bears wearing jackets” ဆိုတာမျိုးတွေပါ။

ကျောင်းသားတွေကတော့မကြာခဏအိမ်စာတွေတစ်ပုံကြီး "I had a ton of homework. " ညည်းလေ့တယ်။ ကိုယ့်သူငယ်ချင်းကို "မင်းဦးနှောက်ကဖြုတ်လောက်ပဲရှိပါတယ်ကွာ" လို့ပြောချင်ရင် "Your brain is the size of a pea."လို့ပြောလို့ရတယ်။ ဦးပုညရဲ့ "သုံးစွဲမကုန်၊ တောင်နှယ်ပုံ၊ ငွေမှုန်လေးရွေး၊ ခြိမ့်အောင်ကြွယ်တဲ့ မယ်သူဌေးငယ်. . . .
အထည်အထုပ်၊ ငွေစသာဟုတ်ပါစေ၊ ဖြုတ်မျက်လုံးလောက် သေးလို့ပင်ပျောက်ကတဲ..." စတာလေးတွေခံစားကြည့်ကြပါဦး။

ဘယ်လောက်လှလိုက်သလဲ။

onomatopoeia မြည်သံစွဲအလင်္ကာ
An onomatopoeia  is a word that imitates or suggests the source of the sound that it describes.

ဂရိဘာသာ onomatopoiia ကနေလာတဲ့ စကားလုံးပြုလုပ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိပါ တယ်။ မြည်တဲ့အသံကို ကြားရသလိုစာထဲမှာထည့်ရေးလိုက်တဲ့အခါ စာဖတ်သူရဲ့စိတ်ထဲမယ် စာထဲကနေရာကို ကိုယ်တိုင်ရောက်ရှိနေယောင် ခံစားရပါတယ်။ ငယ်ငယ်ကလေးဘ၀တုန်းက ဆော့ကစားခဲ့ကြတဲ့ "ဒေါက်ဒေါက် ဘယ်သူလဲ"
Knock-knock Who's there?
Boo
Boo who?
Don't cry, I was only joking ကိုမှတ်မိကြဦးမှာပါ။ မြည်သံစွဲစကားတွေကလဲအများသား။ ဒါပေမယ့် မြန်မာနားနဲ့အင်္ဂလိပ်နား မတူတဲ့အတွက်ကြောင့် စကားလုံးတွေလဲကွဲသွားကြပါတယ်။ ကျွန်တော့်အကြိုက်ဆုံး ဆရာကြီးမင်းသုဝဏ်ရဲ ဖိုးမောင်ကဗျာထဲက "ဒိုင်း-ဒုန်း-ဒိန်း သံရွာလုံးညံ၍" ဆိုတဲ့ သေနတ်ပစ်သံကိုတော့ အင်္ဂလိပ်တွေက bang လို့ကြားကြတယ်။ ကြက်ဖအော်သံ အောက်-အီး-အီး-အွတ် ကျတော့ Cockadoodle do doo တဲ့။

နမူနာတစ်ချို့ဖတ်ကြည့်ကြပါဦး။
Honk Honk = ကားသံ ပွမ်ပွမ်
Giggle = ခစ်ခစ် (ရယ်သံ)
Meow = ညောင် (ကြောင်သံ)
Quack = ဂတ်-ဂတ် (ဘဲသံ)

Illiteration (သံတူကပ်အလင်္ကာ)
The repetition of an initial consonant sound, as in "a peck of pickled peppers." Adjective: alliterative.
အစဗျည်းသံကိုယူပြီး ထပ်ကာထပ်ကာရေးဖွဲ့တာမျိုးပါ။  ရှင်ဥတ္တမကျော်ရဲ့ ဆယ့်နှစ်ရာသီတောလား ရတု ထဲက

"တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရန်းဘက်၍၊ တိမ်သက်တန့်ရောင်၊ အ၀ါပေါင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုံခဲ့တချက်" သံတူကပ်အလင်္ကာတွေသုံးထားတာ အင်မတန်မှ သာယာနာပျော်ဖွယ်ကောင်းပါတယ်။ Illiteration အတွက်အကောင်းဆုံးဥပမာကတော့ tongue twister တွေပါပဲ။

She sells seashells by the seashore.
The shells she sells are surely seashells.

"I watched the bare brown back of the prisoner marching in front of me."
(George Orwell, "A Hanging," 1931)

Illiteration လိုမျိုးပဲ စကားလုံးတစ်လုံးတည်းကို ထပ်ကာထပ်ကာသုံးတာကိုကျတော့ Anaphora လို့ခေါ်ပါတယ်။
ဥပမာ-

 “What the hammer? what the chain?
In what furnace was thy brain?
What the anvil? what dread grasp
Dare its deadly terrors clasp?”

The Tyger by William Blake
အသံထွက်ရွတ်ဆိုကြည့်တဲ့အခါမှာ ကဗျာရဲ့အရသာ၊ စာဖတ်သူကို တစ်ဝက်နဲ့ရပ်လို့မရဘဲ အဆုံးထိတွန်းခေါ်သွားတဲ့ခွန်အားလေးတွေခံစားရမှာပါ။ မြန်မာစာပေမှာလည်းအများကြီးရှိပါတယ်။ ရှင်မဟာရဌသာရရဲ့ မုတ္တာရွဲသီရေးနည်း နဲ့ရေးထားတဲ့ကဗျာတစ်ပုဒ်လည်းရှိပါတယ်။ မမှတ်မိတော့လို့ ထည့်မရေးနိုင်တာခွင့်လွှတ်ပါ။

Oxymoron
A figure of speech in which incongruous or contradictory terms appear side by side; a compressed paradox.
သူလည်းစကားအလင်္ကာတစ်မျိုးပါပဲ။ တစ်ခါတစ်လေမှာ ဟာသရသပေါ်လွင်အောင် ဆန့်ကျင်ဖက် အနက်ဆောင်တဲ့စကားလုံးတွေကိုတမင်တွဲသုံးတဲ့လေ့ရှိပါတယ်။ အထင်ရှားဆုံးဥပမာကတော့ open secret လူသိများတဲ့လျှို့ဝှက်ချက်တဲ့။ လျှို့ဝှက်ပါတယ်ဆိုမှ ဘယ်လိုဖြစ်လို့ ဗျောင်ကြီးဖြစ်နေရတာလဲ။ စေ့စေ့တွေးလေ ပြုံးချင်လေပါပဲ။ အောက်က oxymoron တွေကိုကြည့်ပြီးစဉ်းစားကြည့်ကြပါဦး။

"The best cure for insomnia is to get a lot of sleep."
(W.C. Fields)

အိပ်မပျော်တဲ့ရောဂါအတွက်အကောင်းဆုံးကုသနည်းကတော့ အိပ်ရေး၀၀အိပ်ဖို့ပါပဲ။ (အိပ်မပျော်ပါဘူးဆိုကာမှအိပ်ခိုင်းနေတယ်။)

"A yawn may be defined as a silent yell."
(G.K. Chesterton)
သမ်းဝေခြင်းဆိုတာတိတ်တခိုးအော်တာလို့မှတ်နိုင်တယ်။ (အော်ပါတယ်ဆိုမှ တိတ်တခိုးလုပ်လို့ရပါမလား။)

"I hate intolerant people."
(Gloria Steinem)
သည်းမခံတတ်တဲ့လူတွေကိုကျွန်တော်မုန်းတယ်။ (ဒါဆိုရင်သူကိုယ်တိုင်ကိုမုန်းရမလို။)

"Health food makes me sick."
(Calvin Trillin)
ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကြောင့်ကျွန်တော်နေမကောင်းဖြစ်ရတာ။
(နောက်တစ်မျိုး။ ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုမုန်းတယ်။)

"That building is a little bit big and pretty ugly."
(James Thurber)
ဒီအဆောက်အအုံက နည်းနည်းတော့ကြီးပြီးတော်တော်ရုပ်ဆိုးတယ်။
(အင်္ဂလိပ်စကားလုံး a little bit နဲ့ pretty တို့အဓိပ္ပါယ်နဲ့ယှဉ်စဉ်းစားပါ။)

တခြားပြုံးချင်စရာ oxymoron တွေပေးရင်းနဲ့ ဒီဆောင်းပါးလက်စသတ်လိုက်ပါတယ်။
စာပေအနုပညာရဲ့ရသများခံစားနိုင်ကြပါစေ။

agree to disagree
all alone
Almost done
accurate estimate
Auto Pilot
awfully good
bad luck
born dead
dark day
dim light
deaf listener
easy labor
elected king
Free Credit

ဇာနည်(Myway!)
၁-၉-၂၀၁၁

Wednesday, August 31, 2011

ပျော်စရာရွှင်စရာ အီဒီယံစကားပဒေသာ

1. Achilles Heel

မြန်မာမှာ ‘‘ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး’’ လို့ရှိတယ်။ အနောက်နိုင်ငံသားတွေလည်း ဆံပင်မှာ ခွန်အားရှိတယ်လို့ ယူဆကြပါတယ်။ ဂရိရှေးဟောင်းဒဏ္ဍာရီမှာ သူရဲကောင်းတစ်ယောက်ရဲ့ အားနည်းချက်ဟာ ခြေဖနောင့်မှာလို့ ဆိုထားပါတယ်။ လူတစ်ယောက်ကို Achilles Heel လို့ပြောလိုက်ရင် သူ့ရဲ့အားနည်းချက်ကိုဆိုလိုတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်လောက်ကြံ့ခိုင်တယ်ပြောပြော ပျော့ကွက်ကတော့ရှိ နေတတ်ပါတယ်။ အလားတူ ကုမ္ပဏီအဖွဲ့အစည်း၊ စစ်တပ် တစ်တပ် စတာတွေမှာလည်း ပျော့ကွက်လို့ခေါ်တဲ့ အားနည်းချက် တစ်ခုခုတော့ ရှိနေတတ်ပါတယ်။ သစ္စာဖောက်တစ်ယောက်ဟာ ရန်သူကို လျှို့ချက်ဖော်ထုတ်ပေးလိုက်လို့ ပျော့ကွက် (အားနည်းချက်) Achilles Heel ကိုသိသွားပြီး၊ ဖြိုခွဲလို့မရနိုင်တဲ့  ခံတပ်ကို ဖြိုခွဲနိုင်လိုက်တယ်ဆိုတာကို ဒီလိုသုံးစွဲသွားပါတယ်။
The traitor disclosed to the enemy the underground tunnel, the Achilles Heel, in the otherwise impregnable fort.

2. Ahead of the Times

‘‘ခေတ်ရှေ့ပြေး’’ ဆိုတာရှိပါတယ်။ စိတ်ကူးအကြံအစည်၊ အတွေးအခေါ်၊ တီထွင်မှုစတာတွေ သူများတကာထက် ရှေ့ရောက်နေတာ၊ ခေတ်ရှေ့ပြေးတာ၊ ခေတ်အမြင် ခေတ်အတွေးရှိတာ၊ အခြေအနေ (ကာလ) တစ်ခုမှာ သူများမတွေးဘူးတာ၊ မကြံစည်ဘူးတာတွေကို တွေးတောကြံဆ စိတ်ကူးနိုင်တာကို ahead of the times လို့ပြောပါတယ်။ မဟာတီထွင် ဖန်တီးရှင်ကြီးတွေဟာ သူတို့ခေတ် သူတို့အခါမှာ ရှေ့တန်း ရောက်အောင် လုပ်ဆောင်ပြနိုင်ခဲ့လို့ ဒီစကားနဲ့ဂုဏ်ပြုသုံးစွဲခဲ့ပါတယ်။ ခေတ်တစ်ခေတ်မှာ တီထွင်ဖန်တီးရှင်ကြီး တွေ ဖြစ်ခဲ့ကြရတဲ့ သူတွေဟာ နှောင်းတစ်ခေတ်ရောက်ရင်တော့ ဘယ်လောက်ပဲ ahead of the times ဖြစ်ခဲ့ပါစေ အမေ့ခံတွေ ဖြစ်သွားရတတ်ပါတယ်။
All great inventors were ahead of their time.

3. All Eyes/Ears

ထူးထူးခြားခြား အာရုံစိုက်ခြင်း၊ အများနဲ့မတူ တစ်မူထူးပြီး အလေးထားခြင်း၊ စောင့်ကြည့်ခံနေရခြင်း၊ စိတ်ဝင်စားခံရခြင်း၊ အများအာရုံကို သိမ်းကြုံးဖမ်းစားထားနိုင်ခြင်းကို All Eyes/Ears လို့ပြောပါတယ်။
I was all eyes when I watched her perform on the trapeze.
He is all ears when he is listening to his favourite songs.

4. All Rolled Into One

‘‘တစ်နွယ်ငင် တစ်စင်ပါ’’ လို့ဆိုရမယ်ထင်ပါတယ်။  အလှမယ်ပြိုင်ပွဲမှာ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်ကြောင့်သာမက ဉာာဏ်ပညာပါထက်မြက်တာကြောင့် ဆုရရှိသွားတာကို all rolled into one လို့သုံးပါတယ်။ လူတစ်ယောက်မှာ အရည်အချင်းတစ်ခုမက ပေါင်းစည်းရှိနေတာမျိုးပါ။ ပညာတတ်၊ ကဗျာ ဆရာ၊ အတွေးအခေါ်ပညာရှင်ဆိုတဲ့ ဂုဏ်ထူးသုံးမျိုးနဲ့ ပြည့်စုံလို့ ဒီလိုသုံးသွားပါတယ်။
He may not look to be a very learned person but believe me he is a poet and philosopher all rolled into one.

5. All's Fair in Love and War

‘‘အချစ်နဲ့စစ်မှာ မတရားတာမရှိ’’ ဆိုတဲ့စကားလေး ကြားဖူးမှာပေါ့။ အချစ်နဲ့စစ်မှာ တရားတာတွေ၊ မတရားတာတွေ ကြည့်မနေတတ်ပါဘူး။ အနိုင်ရဖို့သာ အဓိကထားတတ်ကြပါတယ်။ လူ့ဘောင်က သာမန် သတ်မှတ်ချက်တွေဟာ အချစ်နဲ့စစ်မှာ လိုက်နာစရာနီတိတွေ ဖြစ်ချင်မှဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း ထောက်လှမ်းရေးတပ်အရာရှိတစ်ယောက်က သူ့နာမည်ကျော်စပိုင် လက်ထောက်တစ်ယောက်ကို အချစ်နဲ့ စစ်မှာ တရားတယ်ဆိုတာကို ဒီလိုပြောသွားပါတယ်။
You don't have to worry about her getting hurt, in the process. Remember, all's fair in love and war.

6. Answer/Obey The Call Of Nature

သဘာဝတရားကပေးလာတဲ့ အောင့်အည်းထားသမျှ ဖြေလျှော့လိုခြင်းမှာ လူနဲ့ တိရစ္ဆာန်အတူတူပါပဲ။ ‘‘အပေါ့’’ ‘‘အလေး’’ စွန့်ချင်တာကို answer/obey the call of nature လို့ပြောပါတယ်။ အိမ်သာနီးရင် အိမ်သာပြေး၊ အိမ်သာဝေး လို့ ထိန်းမနိုင်သိမ်းမရဖြစ်လာရင် ထုံးစံအတိုင်း ချုံတိုးကြရတာ ဓမ္မတာပါ။ အိမ်သာတက်ချင်နေ ပါလျှက်နဲ့ အစည်းအဝေးသွားရတာကို ဒီလိုပြောတယ်။
 He left the meeting in between to answer a call of nature.

7. As Free As Air

ကန့်သတ်ထားတာတွေ၊ ပေးဆောင်ဖို့တာဝန်ရှိတာတွေ၊ သတ်မှတ်ချက်တွေကနေ ရှောင်လွှဲလိုရင် as free as air လို့ သုံးပါတယ်။ တစ်နည်းအားဖြင့်လူတစ်ယောက်အနေနဲ့ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ၊ ဆန္ဒတွေကနေ ထိန်းချုပ်ပြီး လုံးဝထွက်ပြေး လွတ်မြောက်လိုတဲ့အခါမှာ သုံးပါတယ်။ လူပျိုဘဝနဲ့ ကမ္ဘာပတ်ချင်ပေမယ့် မိန်းမနဲ့ ကလေးတွေရှိ လာရင် မလွတ်လပ်တော့ဘူး ဆိုတာကို ဒီလိုသုံးတယ်။
It's quiet all right for a bachelor like John to travel around the world, but if you've got a wife and children you are not as free as air.

8. At The Crack Of Dawn

နေလုံးကြီးပြူထွက်လာတာနဲ့ အမှောင်ကိုခွင်းတဲ့ အလင်း တန်းတွေက ကောင်းကင်ပြင်ကြီးတစ်ခုလုံးကို ဒိုင်းခနဲ ထိုးခွဲလိုက်သလိုပါပဲ။ ဒါကို အရုဏ်ခွင်းတယ်လို့ at the crack of dawn ဆိုပြီး သုံးကြပါတယ်။ ကျန်းမာမှ အလုပ် လုပ်နိုင်မယ်လို့ယုံကြည် သူတစ်ယောက်ကတော့ အာရုဏ်ကျင်းလို့ အလင်းရောက်တာနဲ့ လေ့ကျင့်ခန်း တစ်နာရီစာလောက် ရုံးမသွားမီစလုပ်နေပါပြီ။
He believes in keeping fit, he gets up at the crack of dawn and first exercises for an hour before getting ready for office.

9. A Backhanded Compliment

လက်နောက်ပြန်ပေးပြီးနှုတ်ဆက်တယ်ဆိုတာ တစ်ယောက်ယောက်ကို ချီးကျူးတာ၊ ချီးမြှောက်တာကို ခေါ်တာ ပါ။ ဒါပေမယ့် ရိုးရိုးချီးကျူးတာတော့မဟုတ်ပါဘူး။ ငေါ့တော့တော့အမူအယာ၊ ထေ့တေ့တေ့ လေသံတွေနဲ့ မထီမဲ့မြင်လုပ်တာမျိုးကို a backhanded compliment လို့ပြောပါတယ်။ အဆဲခံနေရပေမယ့် ပြုံးပြီး ဟန်ဆောင်မျိုသိပ်ထားရတာမျိုး၊ အပြစ်တင်အဝေဖန်ခံနေ ရပေမယ့် ငြိမ်ခံနေရတာမျိုးပေါ့။ ပြိုင်ပွဲတစ်ခုမှာ အားကြီးတဲ့ နပန်းသမားတစ်ယောက်က ရှုံးသွားလို့ ပိန်သေးသေးနပန်းသမားကို ငေါ့တော့တော့လေသံနဲ့ ဒီလိုပြောလိုက်တယ်။
 " Congrats! You fought quite well", said the strong wrestler, to the thin one, who had just won the match. Indeed, what a backhanded compliment, thought the thin one.

10. Barking Dogs Seldom Bite

‘‘ဟောင်လွန်းသည့်ခွေး လူမလေး’’ လို့မြန်မာစကားပုံမှာရှိပါတယ်။ သူတို့ကတော့ ဟောင်တဲ့ခွေး ကိုက်ခဲပါတယ်တဲ့။ ဟန်ကိုယ့်ဖို့ဆိုပြီး အသံကောင်းဟစ်နေတဲ့ခွေးဟာ အန္တရာယ်မရှိနိုင်ပါဘူး။ သူ့မှာရှိတဲ့ မာန်ကိုထောင်ပြီး ဟောင်ပြနေပေမယ့်၊ ဟောင်လွန်းတော့လည်း ပေါတောတောဖြစ်သွားပြီး ကြောက်စရာ မကောင်းတော့ပါဘူး။ အလားတူပါပဲ လူ့လောကမှာလည်း ဟောက်လွန်း၊ ခြောက်လွန်းတဲ့သူတွေကို အလေးထားစရာမလိုဘူးဆိုတာကို ဒီလိုပြောတယ်။
You must not worry about the new supervision, after all barking dogs seldom bite.

Sunday, August 28, 2011

ဟာသ

ဟာသ
  နေရာ ... စိတ္တဇဆေးရုံ>
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
  ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
  လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
  ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
  ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူတည်း။

ဟာသ(၂)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့
အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
 ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
 အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က
 နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
 နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်" လို့
 ပြောလိုက်သတဲ့။

ဟာသ(၃)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
  နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
  ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
  ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
  ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
  လူနှစ်ယောက်ပျော်ရမယ်"
  တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
   ပျော်ရမယ်"
  သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
  ပြောလိုက်သတဲ့...
  "အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
  လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။

ဟာသ(၄) 
တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
  ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
  ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
  မေးကြတော့တာပေါ့။

  ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။

  `ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
  စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
  ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
  ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
  တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
  ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။

  ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
  `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ
  ငိုပြန်ပါလေရော။

  နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
  သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
  `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။

  မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။

  `ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။

ဟာသ(၅)
တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
  လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
  အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့

  `အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´
  လို့မေးလိုက်တယ်။
  ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
  နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီ
  ပြန်ဖြေလိုက်တယ်။

  ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
  ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
  ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
  ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။

  နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
  ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
  ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
  ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။

  `အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

လူတိုင်း ကြုံရနိုင်တဲ့ သက်လတ်ပိုင်း စိတ်ဂယက် (Mid-life Crisis)

(၁)
အသက် ၄၀ နားနီးကနေ ၆၀ နှစ်ကြားထဲက လူတိုင်း ဖြစ်နိုင်သလို အဲဒီအသက် မရောက်သေးသူ လူငယ်များလည်း မဖြစ်မနေ သိရှိ မှတ်သားထားသင့်တဲ့ ရောဂါတစ်ခုအကြောင်း ကျွန်တော် ရေးသားဖော်ပြပေးလိုက်ပါတယ်။

(၂)
ငါ့ရဲ့ အသက်ရှင် ဖြစ်တည်နေမှုရဲ့ အနှစ်သာရက ဘာလဲ။ ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘာများလဲကွယ်။ မှန်ကြည့်တိုင်း ငါ့ကို ပြန်ငေးစိုက်ကြည့်နေတဲ့ သူဟာ ဘယ်သူလဲ။ ဟူး…………. တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုတောင် မမှတ်မိချင်တော့ဘူး။ ငါရူးများ ရူးသွားပြီလား……..။

လောကကြီးကိုက နားလည်မှု၊ စောင့်စည်းမှုတွေ မရှိတော့တာ အရမ်းစိတ်ပျက်စရာ ကောင်းတယ်။ ငါ့ဟာငါ ဘာလိုချင် ဘာဆက်ဖြစ်ချင်မှန်းတော့ မသိတော့ဘူး။ အရာအားလုံးဟာ စိတ်ကုန်စရာလို့ပဲ ခံစားနေရတယ်။ ပြန်တွေးကြည့်ရင် ငါ့ဘ၀က အကုန်လုံး အလိုမကျစရာ၊ နောင်တရစရာတွေချည်းပဲ။ တစ်ချိန်က အရူးအမူး ငါကြိုးစားခဲ့တာတွေ အခုတော့လည်း ဘာမှ မဟုတ်သလိုပဲ။ ငါ့မိသားစုအတွက် ငါ့အသိုင်းအ၀ိုင်းအတွက် ငါအနစ်နာခံ ပေးဆပ်ခဲ့ရတာတွေ တကယ်တမ်းကျ မတန်ဘူး………….။

အခုကျတော့ အရာအားလုံး ပြောင်းလဲ သွားခဲ့ပြီ။ ငါ့ဘ၀ရဲ့ ကောင်းတဲ့အချိန်တွေ၊ ထက်မြက်နုပျိုတဲ့ အချိန်တွေ ကျန်ခဲ့ပြီ။ ပြန်မရနိုင်တော့တာ အသေအချာပဲ။ ရှေ့လျှောက် ကောင်းဖို့လည်း မမြင်တော့ဘူး။ ငါအသက်ကြီးလာပြီလေ။ အိုလာပြီ။ ရုပ်ကျသွားတာ အရမ်းသိသာတာပဲ။ သက်လတ်ပိုင်းဆိုတာ လူငယ်ဘ၀ရဲ့ ရင်ခုန်စွဲမက်စရာ ပိုင်ဆိုင်မှုအတော်များများကို မြေမြှုပ်သဂြိုင်္လ်လိုက်ရတဲ့ အချိန်ထင်တယ်။ နောက်ထပ် ကြုံတွေ့ရမယ့် ဘ၀ရဲ့ စာမျက်နှာ သစ်တွေ ဘယ်လောက်မှ ကျန်တော့မယ် မထင်ဘူး။ ရှေ့ကို မျှော်ကြည့်တော့လည်း ………. အို…..ဘ၀ဆိုတာ တကယ်တမ်းတော့ ထွေထွေထူးထူး နှစ်သက်စရာ မကောင်းလှပါဘူး။ အကုန်လုံးက မသေချာ မရေရာတာနဲ့ စမ်းတ၀ါးဝါးနိုင်လိုက်တာ။

ပြောလိုက်ကြတာများ ဘာတဲ့။ ဘ၀ဆိုတာ တိုက်ပွဲဆိုလားပဲ။ တကယ်တမ်းသာ အဲလိုဆိုရင် ငါဟာနှစ်ရှည်လများ တိုက်ခဲ့တဲ့ တိုက်ပွဲပြီးသွားလို့ ဗုံးဆံတွေ ယမ်းငွေ့တွေကြား အားပြတ်လဲကျနေလို့ အိမ်မပြန်ရသေးတဲ့ စစ်သားအိုကြီးတစ်ယောက်ပဲ ဖြစ်မှာပဲ။ ငါ့မှာ အဖော်ကောင်းရယ်လို့မှ မရှိတော့တာ။

ငါလိုလားတောင့်တခဲ့တဲ့ အရာတွေကရော…….. ရောက်ချင်ခဲ့တဲ့ ပန်းတိုင်တွေကရော……. အကုန်လေးလံ နှေးကွေးနေတာပဲ။ ဘ၀ဆိုတာ ဘယ်လိုဖြစ်သင့်သလဲ ဆိုတဲ့ မေးခွန်းရဲ့ ထောင်ချောက်ထဲမှာ ငါပိတ်မိနေပြီ။ အရင်တုန်းက ဒီအနေအထားတွေနဲ့ ငါတင်းတိမ်ရောင့်ရဲခဲ့တာတော့ မှန်တယ်။ ဒါပေမဲ့ အခုတော့ ငါမပျော်တော့ဘူး။ မတင်းတိမ်မရောင့်ရဲ နိုင်တော့ဘူး။ လက်ရှိရှိနေတဲ့ မိသားစုဟာလည်း မွန်းကြပ်စရာပဲ။ ငါအကုန်လုံးကို မကျေနပ်တော့ဘူး။ အပြောင်းအလဲ ပျော်စရာတွေ ငါလုပ်နိုင်ပါဦးမလား။ ငါ့အသက်က ကြီးနေပြီလေ။ သေခြင်းတရားနဲ့ တွေ့ရဖို့ သိပ်အများကြီးမလိုတော့တဲ့ လူတစ်ယောက်က ဘာတွေများ ပျော်စရာတွေ ဖန်တီးနိုင်ဦးမှာလဲကွယ်………။



ငါနေ့တိုင်း လုပ်နေရတဲ့ အလုပ်တွေဟာ သိပ်ပျင်းစရာကောင်းတာပဲ။ ဆက်မလုပ်ချင်တော့ဘူး။ ထွက်ပြီး အလုပ်အသစ်ပြောင်းရင် ကောင်းမလား။ ဟုတ်တယ်။ ငါ့ဘ၀ရဲ့ ပျော်ရွှင်မှု အသစ်အဆန်းတွေ၊ ရင်ခုန်ကြည်နူးရမှုတွေကို ငါ့ဟာငါ ဖန်တီးရှာဖွေမယ်။ ငွေနဲ့ ၀ယ်လို့ရသမျှ ၀ယ်မယ်။ ငါမအိုသေးဘူး ဆိုတာမျိုး ရအောင်နေပြမယ်။

ဟူး…….. ဒါပေမဲ့လည်း ဘယ်က စပြောင်းလဲရမှန်း မသိပါလားနော်။

(၃)
စာပိုဒ် အမှတ် (၂) မှာ ဖော်ပြခဲ့တဲ့ စိတ္တဇဆန်ဆန် အတွေးတွေဟာ ၀တ္ထုဆန်အောင်၊ ရသမြောက်အဖွဲ့ဆန်အောင် အနုပညာဈာန်နဲ့ ဖန်တီးရေးသားထားတာ မဟုတ်ပါဘူး။ ဒါတွေဟာ သက်လတ်ပိုင်း စိတ်ဂယက် (Midlife Crisis) ရဲ့ ထင်ရှားပေါ်လွင်တဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။ သင်ဟာ အသက် ၄၀ ပြည့်ပြီးသူ တစ်ဦးဖြစ်ပြီး အထက်ပါ အတွေးတွေအတိုင်း နေ့စဉ်ရက်ဆက် တွေးမိနေပါက သက်လတ်ပိုင်းစိတ်ဂယက် ဝေဒနာ ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။
(၄)



Mid-life Crisis ဆိုတဲ့ ဝေါဟာရကို အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ၁၉၆၅ ခုနှစ်က အီးလီးယက် ဂျက်ခ် ဆိုသူက စတင်သုံးစွဲခဲ့ပြီး အဆိုပါ စကားလုံးဟာ သက်လတ်ပိုင်း ရောက်နေတဲ့ လူအချို့ ငယ်ရွယ်နုမျစ်မှုရဲ့ စွမ်းရည်တွေ ကျဆင်းလာကာ အိုမင်းလာမှုကို သတိထားမိစပြုလာတဲ့ အချိန်မှာ အလိုမကျခြင်း ပြင်းစွာ ဖြစ်ရတဲ့ ကာလတစ်ခုကို ကိုယ်စားပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးဟာ တဖြည်ဖြည်း ကျယ်ပြန့်တဲ့ သဘောမျိုး ဆောင်လာပါတယ်။ သက်လတ်ပိုင်း စိတ်ဂယက်ကို ခံစားသက်ရောက်စေတဲ့ အချက်တွေထဲမှာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ဖောက်ပြန်ခြင်း၊ ကိုယ်တိုင်ဖောက်ပြန်မိ၍ ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို ခံရခြင်း၊ အမျိုးသားသဘာဝ စွမ်းဆောင်နိုင်မှု ကျဆင်းခြင်း၊ အမျိုးသမီးများ သွေးဆုံးခြင်း၊ ဘ၀လက်တွဲဖော် (သို့) ချစ်ခင်ရသူ အရင်းအချာ တစ်ဦးဦး ကွယ်လွန်သွားခြင်း၊ အလုပ်လက်မဲ့ ဖြစ်သွားခြင်း၊ ရာထူးကျခြင်း၊ လက်ရှိ အလုပ်သည် မုန်းစရာကောင်းသည်ဟု ခံစားနေရသော်လည်း တူမျှသော ၀င်ငွေ ဆက်ရနေအောင် အလုပ်မပြောင်းနိုင်သေးသဖြင့် လက်ရှိအလုပ်ကိုပဲ ဇွတ်ပေလုပ်နေရခြင်း၊ သားသမီးများ အရွယ်ရောက်ကာ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာသွားခြင်း စသည့် ဘ၀နှင့်ချီ စိတ်ထိခိုက်ရသော ထိုးနှက်ချက်များ ပါဝင်ကြောင်း တွေ့ရပါတယ်။

ဒီတော့ စောစောက ဖော်ပြခဲ့တဲ့ ဂယောက်ဂယက် အတွေးပေါင်းစုံ ၀င်လာပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှု၊ ရုပ်ရည်၊ ကိုယ်ရည်ကိုယ်သွေး စတဲ့ အချက်တွေအပေါ် အားမလိုအားမရ ခံစားလာရခြင်းကို သက်လတ်ပိုင်းစိတ်ဂယက်လို့ ခေါ်တာပါ။ အသက် ၄၀ နဲ့ ၆၀ ကြားမှာပဲ ဖြစ်တတ်တယ်လို့ တွေ့ရှိထားပေမယ့် ရုပ်ဝတ္ထုပစ္စည်း ကိုးကွယ်မှု အားကောင်းလာတဲ့ ယနေ့ခေတ်မှာဆိုရင် ၃၅ နှစ်အထက် လူတွေလည်း ထည့်သွင်းစဉ်းစားဖို့ သင့်ပြီလို့ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ဆိုချင်ပါတယ်။



အဲဒီလို မကျေနပ်မှုတွေဟာ အရင်နဲ့ လုံးဝမတူတဲ့ အမူအကျင့် နေပုံထိုင်ပုံတွေကို ပြောင်းလဲကျင့်သုံးမိခြင်းဖြင့် ပွင့်ကန်ထွက်ကုန်ပါတယ်။ အိမ်ထောင်မရှိသေးသူများ အဆင်ပြေသလို ပြုပစ်လိုက်ခြင်း၊ အိမ်ထောင်ရှိသူများ အချစ်သစ် ရှာချင်လာခြင်း၊ ပြည့်စုံသူများက တကယ့်ဈေးကြီးပါပေ့ ဆိုသော လူတိုင်းငေးလောက်သည့် အသုံးအဆောင်များ (ဥပမာ ယာဉ်၊ အီလက်ထရောနစ်ပစ္စည်း) ၀ယ်ယူသုံးစွဲပစ်ခြင်း၊ ခန္ဓာကိုယ်ကို လှပအောင် အသစ်တစ်ဖန် အလှဆင် မွမ်းမံခြင်း (အလှပြင်ဆိုင် မှန်မှန် သွားခြင်း၊ မူးယစ်သေစာ သောက်စားဖြစ်လာခြင်း စတာတွေ အရင်က မလုပ်ဖူးရင်တောင် လုပ်ဖြစ်လာကြပါတယ်။ ကလေးယူတာ နောက်ကျလို့ အဲဒီအချိန်မှာ ငယ်ရွယ်သေးတဲ့ သားသမီးတွေ ရှိနေသေးရင် အဲဒီ ကလေးတွေကို ကျောင်းစာ၊ အားကစား၊ ဘာသာစကား စတဲ့ ဘက်စုံမှာ အလွန်အမင်း တော်စေလွန်းလို့ အတင်းအကြပ်ဖိအားပေးရင်း မိဘနဲ့ သားသမီးကြား ပဋိပက္ခ ပိုဆိုးလာတာ တွေ့ရလေ့ ရှိပါတယ်။ မိဘတွေ ဖက်ကတော့ စေတနာနဲ့ပါ ဆိုပေမယ့် သူ့ဟာသူ Mid-life Crisis ခံစားနေရတဲ့ ရောင်ပြန်ကို သားသမီးတွေ အပေါ် လာဟပ်တာတော့ အသိနဲ့ ထိန်းရမယ့် ကိစ္စပါပဲ။

လေ့လာမှု တစ်ရပ်အရ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာ သက်လတ်ပိုင်း စိတ်ဂယက် ဆိုတာ လူ ၁၀ ယောက်မှာ တစ်ယောက် ဘ၀မှာ မလွဲမသွေ ကြုံတွေ့ရလေ့ ရှိပြီး အဲဒါကြောင့် နိုင်ငံအတွင်းမှာ ရှိတဲ့ ကားအကောင်းစားတွေ (အထူးသဖြင့် လူငယ်တွေ စီးတဲ့ ပြိုင်ကားတွေ) ၊ ပင်လယ်စီး စပိဘုတ်တွေ၊ တစ်ကိုယ်ရည်သုံး ဇိမ်ခံအီလက်ထရောနစ် ပစ္စည်းတွေဟာ အရမ်းရောင်းရပါသတဲ့။ တစ်ဦးတစ်ယောက်ခြင်း ပစ္စည်းဝယ်နိုင်စွမ်း (Purchasing Power) မြင့်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုရဲ့ တစ်နိုင်ငံလုံး လူဦးရေ ၁၀% က ၀ိုင်းဝယ်တာ ဆိုတော့ စဉ်းစားသာကြည့်ပေတော့။

ဘာလို့ အဲဒီလို လုပ်ကြသလဲ ဆိုတော့ မသိစိတ်ထဲက ဘာမှန်းမသိတဲ့ စိတ်ကူးပန်းတိုင် အိပ်မက်ကို ဖွေရှာဖြည့်ဆည်းချင်ကြလို့ပါ။ ခက်တာက ပန်းတိုင်က ဘာမှန်းမသိလို့ စိတ်ရူးပေါက်ရာ လျှောက်လုပ်ကြတာပေါ့။ ဒါ့အပြင် မပြီးပြတ်သေးတဲ့ (သို့) မလုပ်နိုင်လောက်တော့တဲ့ စိတ်ကူးတွေအတွက်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်မိနေတာကိုး။ ရွယ်တူတန်းတူတွေ ကိုယ့်ထက်အောင်မြင်တာ တွေ့တိုင်းလည်း ရှက်ရွံ့အားငယ်စိတ်ကို ရင်ထဲကြိတ်ခံစားထားရတာလည်း ပါပါတယ်။ ဒီတော့ နုပျိုခြင်းကို ရရှိနိုင်တယ်လို့ ထင်တဲ့ အသုံးအဆောင်တွေ သုံးတယ်။ တချို့ဆို လူငယ်တွေ၊ အသိုင်းအ၀ိုင်းသစ်တွေနဲ့ ပြောင်းပြီး သွားပေါင်းတာ တွေ့ရပါတယ်။ အသက်ကြီးမှ သင်းကွဲတယ်ဆိုတာ အဲဒါပေါ့။

(၅)
ဒီနေရာမှာ mmDailyNews ရဲ့ စာဖတ်ပရိသတ်များရဲ့ ရင်ထဲမှာ မတင်မကျ ဖြစ်နေတာ တစ်ခု ရှိနေမယ်လို့ ကျွန်တော်သိနေပါတယ်။ ဟုတ်တယ်လေ။ အထက်မှာ ဖော်ပြခဲ့တဲ့ အတွေးတွေ၊ လုပ်ရပ်တွေ ဆိုတာ နေ့စဉ်ဘ၀ လူအတော်များများ စိတ်ထဲ ပေါ်နေကျ အရာတွေ ဖြစ်ပြီး ဒါတွေက ဘယ်လိုကျန်းမာရေးကို ထိခိုက်စေလို့လဲ / ကျန်းမာရေးဆောင်းပါးရှင် တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဘာတွေ လာပြောနေသလဲ ဆိုတာမျိုးပေါ့။

Mid-Life Crisis ဟာ အမျိုးသားတွေကော အမျိုးသမီးတွေရဲ့ ကျန်းမာရေးတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ထိုးနှက်ဖျက်ဆီးပါတယ်။ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရသူ အမျိုးသား ၅ ယောက်မှာ ၄ ယောက်ဟာ အရက်ရဲ့ ကျေးကျွန် ဖြစ်သွားတာ တွေ့ရပါတယ်။ အသက်ကြီးမှ အရက်ပြင်းပြင်းထန်ထန် သောက်ဖြစ်သွားတဲ့ ၄င်းတို့ဟာ အသည်းအဆီဖုံး/ခြောက်၊ အသည်းကင်ဆာ စတဲ့ ရောဂါဆိုးတွေနဲ့ ဆေးရုံကုတင်ပေါ် ၅ နှစ်ကနေ ၇ နှစ်အတွင်း သေချာပေါက် ရောက်လာကြပါတယ်။ တခြားမူးယစ်ဆေးဝါး ဆိုရင်တော့ သေနိုင်စွမ်းက အရက်ထက် စောမှာ သေချာပါတယ်။ ဒါက ပထမအချက်ပါ။

အဲလို အသက်အရွယ် အမျိုးသားတွေမှာ မူးယစ်သေစာကြောင့် ယာဉ်တိုက်မှု ဖြစ်တဲ့ နှုန်းတွေ၊ မတော်တဆ ထိခိုက်မှု ဖြစ်တဲ့ နှုန်းတွေ မြင့်မားနေတဲ့ အချက်က အတော်လေး သိသာပါတယ်။ ဒါက ဒုတိယအချက်ပေါ့။



တတိယ အချက် ပြောရမယ် ဆိုရင် လိင်မှု ဆိုင်ရာ ကိစ္စတွေမှာ အဆင်အခြင်မဲ့ ကျင့်သုံးမယ်ဆိုရင် HIV အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပေါင်းစုံ ကူးဖို့ အခွင့်အလမ်း မြင့်ပါတယ်။ ကွန်ဒုံးသုံးတယ်ဆိုပေမယ့် မူးယစ်ရီဝေနေချိန်မှာ၊ စိတ်လေနေချိန်မှာ သုံးပုံစနစ်မကျတာလေး တစ်ခါတည်းနဲ့ HIV POSITIVE ဖြစ်သွားသူတွေ ခဏခဏ တွေ့နေရပါတယ်။ ဒီသုံးချက်ဟာ အမျိုးသားတွေ အတွက် Mid-life Crisis ရဲ့ အထူးအန္တရာယ် များတဲ့ နောက်ဆက်တွဲ သုံးခုပါ။

အမျိုးသမီးတွေကျတော့ သွေးဆုံးခါနီးလာလို့ မ ဟော်မုန်း အားနည်းလာကာ တရှောင်ရှောင်တပိန်ပိန်နဲ့ ဝေဒနာလေးများ ပေါ်လာတတ်ပါတယ်။ စားမ၀င်၊ အိပ်မပျော်တာ၊ အရိုးပါးစ ပြုလာလို့ တစ်ခုခုဆို ဟိုနေရာ ဒီနေရာက ကိုက်တာ၊ သွေးဆုံးခါနီး ရာသီလာရင် ပိုဝေဒနာ ဆိုးလာတာ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ပိုဆိုးလာတာ၊ ရုပ်ကျနှုန်း သိသာလာလို့ စိတ်ပါ လိုက်ကျတာ စသဖြင့် အီစထရိုဂျင်ခေါ် မဟော်မုန်း အားနည်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေ တန်းစီပြီး ခံစားရတတ်ပါတယ်။

နောက်ပြီး သားသမီးတွေ အတောင်အလက် စုံလို့ မိဘရင်ခွင်ကနေ ထွက်သွားတဲ့ ဒဏ်ကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုခံစားရလေ့ရှိပါတယ်။ အထီးကျန်သိုက်မြုံ ရောဂါစု (Empty Nest Syndrome) လို့ ခေါ်ပါတယ်။ သားသမီးတွေက အဆက်အသွယ်မလုပ်၊ ဂရုစိုက်မှု အားနည်းရင် အမျိုးသမီး အများစုက သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေ ပိုဆိုးလာတတ်ကြကြောင်း သုတေသနတွေ အခိုင်အမာ ရှိပါတယ်။



နောက်တစ်ချက် ပြောရရင် အမျိုးသမီးတိုင်းတော့ မဆိုလိုပေမယ့် အချို့က လိင်မှုကိစ္စ ရှုပ်ထွေးမှုနဲ့ ထွက်ပေါက်ရှာကြပါတယ်။ ဒီအခါမှာ ရောဂါတွေ ကူးနိုင်တဲ့ အန္တရာယ်က အမျိုးသမီးက အမျိုးသားထက် နည်းနည်း ပိုများတာတွေ့ရသလို ပတ်ဝန်းကျင်ရဲ့ အထင်သေးရှုံ့ချမှုမှာလည်း အမျိုးသမီးတွေက ပိုခံရ ပိုအရှက်ရလေ့ ရှိပါတယ်။ ဒီတော့ လွတ်မလား လုပ်ကြည့်ပေမယ့် Mid-life Crisis ကနေ ရုန်းမထွက် နိုင်တော့ ပြန်ဘူးပေါ့။

သွေးဆုံးစောလို့ လိင်မှုကိစ္စကို မဖြစ်နိုင်တော့ဘူး ထင်ကာ လက်လျော့လိုက်သူ အမျိုးသမီး အများစုဟာ အိမ်ထောင်ဖက်က အချစ်သစ်ရှာသွားတာကြောင့်ရယ်၊ ကိုယ်ပိုင် ပျော်ရွှင်မှုတစ်ရပ် ဆုံးရှုံးလိုက်ရတာရယ် ပေါင်းပြီး အခြေအနေ ပိုဆိုးသွားကြပါတယ်။ (တကယ်တမ်းကတော့ သွေးဆုံးသွားပေမယ့် ချောမွေ့စေတဲ့ အဆီတစ်မျိုးမျိုးကို သုံးကာ အိမ်ထောင်ဖက်နဲ့ နေနိုင်ပါသေးတယ်။ ဒါဟာ အမျိုးသမီးအင်္ဂါ သေးသိမ်သွားခြင်းကို တားဆီးနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာရေးအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးပြုကြောင်း သုတေသနများအရ သိရပါတယ်)

သက်လတ်ပိုင်းစိတ်ဂယက်ကို ဖြစ်စေတဲ့ အချက်တွေဟာ တစ်ဦးနဲ့ တစ်ဦး မတူကြသလို လူနေမှု အဆင့်အတန်းအရလည်း မတူကြပါဘူး။ အနီးကပ်ဆုံးသူ သေသွားလို့ ကိုယ့်လည်း သေမျိုးပါလားဆိုပြီး ကြောက်လန့်သွားတဲ့ အချိန် (သက်ဆိုင်ရာ ဘာသာရဲ့ တရားဓမ္မကို လိုက်စားသူတွေကတော့ ငြိမ်းချမ်းသွားကြပါတယ်) မျိုးမှာ၊ သက်တမ်း တစ်ဝက်ကျော်ကာ အိုလာပြီလို့ ခံစားရချိန်မှာ၊ လိင်မှုစွမ်းရည်တွေ ကျဆင်း ပျောက်ဆုံးသွားတဲ့ အချိန်မှာ၊ ကြိုးစားရုန်းကန် ပေးဆပ်ခဲ့ရသော်လည်း အရာမရောက်ပါလားဟု အတွေးဝင်လာချိန်မှာ စသဖြင့် အကြောင်းတရား အမျိုးမျိုး ရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။

အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်စလုံးမှာ တူညီစွာ ခံရတဲ့ အချက်ကတော့ သက်လတ်ပိုင်းစိတ်ဂယက်ကြောင့် ခံစားရမှုဟာ စိတ်ကျရောဂါ (Depression) ဆီကို ဦးတည်သွားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေးမှာ ပြုမူနေထိုင်ပြောဆိုပုံတွေ (အထူးသဖြင့် စကားလုံးတွေ) ကို ဂရုမစိုက်ဘဲ လုပ်မိလို့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မရှိတော့ဘဲ အထီးကျန်ကာ စိတ်ကျရောဂါ ပိုဆိုးလာတာတွေ၊ အိမ်အပြင်တောင် မထွက်ချင်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ အပေါင်းအဖော် သူငယ်ချင်းတွေနဲ့ အပျော်အချိန်ဖြုန်းခြင်း၊ ပရဟိတ အလုပ်တွေ တတ်စွမ်းသ၍ လုပ်ခြင်း၊ အနုပညာ အတတ်ပညာ ဘာသာရေး စသဖြင့် သန်ရာတစ်ခုခု လေ့လာခြင်းစတဲ့ မှန်ကန်တဲ့ ပျော်စရာတွေ ဖန်တီးနိုင်ရင်တော့ ခံသာပါသေးတယ်။ နို့မို့ စိတ်ကျရောဂါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေစိတ်ကို ဖြစ်စေတာ ကြောက်စရာပါပဲ။

ဒါကြောင့် အကြံပြုလိုတာက စိတ်ထွက်ပေါက်အဖြစ် အသုံးချတဲ့ အရာများကြောင့် မိမိရဲ့ ကျန်းမာရေး မထိခိုက်ရအောင် အသိဥာဏ်ရှိရှိ ကာကွယ်ပါ၊ ဖြစ်လာရင်လည်း ကုသမှု အမြန်ဆုံး ရယူဖို့ အရေးကြီးတယ် ဆိုတာပါပဲ။

(၆)
သက်လတ်ပိုင်း စိတ်ဂယက်ကို ဘယ်လို ကာကွယ်ကြမလဲ……..???



ကမ္ဘာကျော် စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်ကတော့ ပြောခဲ့ပါတယ်။ Mid-life Crisis ဆိုတာ သေဖို့နီးလာတာ ခံစားမိလို့ ကြောက်တဲ့ စိတ်က မောင်းနှင်တွန်းအားပေးလိုက်တဲ့ အတွေးစုတွေ ဖြစ်ပါတယ်တဲ့။ ဒီအတွေးစုတွေရဲ့ ကန်ထွက်မှုဟာ ယဉ်ကျေးမှုအမျိုးမျိုး၊ လူပုံစံ အမျိုးမျိုးကို လိုက်ပြီး အပျော်ရှာခြင်း အဖြစ်လည်းကောင်း၊ အပျော်ရှောင်ခြင်း အဖြစ်လည်းကောင်း စိတ်ရူးပေါက်စွာ ကွဲပြားကုန်ကြတာ ဖြစ်ပါတယ်။

၂၁ ရာစုရဲ့ အပေါ်ယံ ရွှေမှုန်ကြဲ ပကာသနအခြေခံ လူနေမှုစနစ်မှာ သက်လတ်ပိုင်း စိတ်ဂယက်ကို လူတွေဟာ ပိုပြီး သိချင်စိတ် များလာကြပါတယ်။ လေ့လာလာကြပါတယ်။ ဒီအခါမှာ စိတ်ပညာရှင်တွေ ကျန်းမာရေး ပညာရှင်တွေဟာ သက်လတ်ပိုင်း စိတ်ဂယက် မကြုံရနိုင်တဲ့ နည်းလမ်းများကို ရှာတွေ့လာကြပါတယ်။

(၁) အိမ်ထောင်ရေးကို နွေးထွေးပျော်စရာကောင်းအောင် ထိန်းသိမ်းပါ။
အိမ်ထောင်သက် အတော်လေးရလာတဲ့ သက်လတ်ပိုင်း အချိန်မှာ တစ်ဦးအပေါ် တစ်ဦး ချစ်ခင် စိတ်ပါမှု အရင်လောက် မများကြတော့ပါဘူး။ အိမ်တွင်းရေး ပျော်ရွှင်မှုဟာ အရောင်မှိန်လာပြီး လျစ်လျူရှုထားခံရတဲ့ အဆင့်ရောက်သွားတတ်ရင် သက်လတ်ပိုင်း စိတ်ဂယက် ပိုမို ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေး သာယာချမ်းမြေ့မှု အမြဲရနေအောင် ကြံဆောင်ဖန်တီးပြီး သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ပါ။



(၂) သူငယ်ချင်းမိတ်ဆွေကောင်းများ ရှိပါစေ
တကယ်စစ်မှန်တဲ့ သူငယ်ချင်းတွေ မရှိသူဟာ သက်လတ်ပိုင်း စိတ်ဂယက် ခံစားရဖို့ သေချာသလောက်ပါပဲ။ ဒါကြောင့် ဒီအချက်ကို အခုကတည်းက ပြုပြင်ဖာထေးထားပါ။ အကယ်၍ သင့်မှာ အဲလို နှလုံးသားချင်းနီးပြီး ဂရုတစိုက် ရှိတဲ့၊ အရေးကြုံရင် အားကိုးရတဲ့ မိတ်ဆွေ မရှိဘူး ဆိုရင် လူတွေက စိတ်ထားမကောင်းလို့ ဆိုပြီး အကြောင်းပြချက် မပေးပါနဲ့။ မိတ်ဆွေကောင်းတွေ ရဖို့ဆိုရင် သင်ကိုယ်တိုင်က မိတ်ဆွေကောင်း အရင် ဖြစ်နေဖို့ လိုပါတယ်။

(၃) သင့်အလုပ်အကိုင်ရဲ့ အရေးပါမှုနဲ့ အနာဂတ်မျှော်လင့်ချက်ကို ပုံဖော်တွေးပါ
သင့်ရဲ့ အလုပ်အကိုင်ဟာ လူတွေကို ဘယ်နည်းဘယ်ပုံ အကျိုးပြုနေသလဲ အကောင်းဖက်က တွေးပါ။ သင်ဟာ ကုမ္ပဏီပိုင်ရှင် တစ်ယောက် ဖြစ်ရင် သင့်ရဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေကြောင့် လူတွေ ဘယ်လို အကျိုးရှိ ပျော်ရွှင်သွားစေသလဲ ဆိုတာမျိုး၊ သာမန် ၀န်ထမ်းတစ်ယောက် ဖြစ်နေရင်လည်း ငါဟာကုမ္ပဏီမှာ ဘယ်နေရာတွေမှာတော့ အရေးပါတယ် ဆိုတာမျိုး၊ အောက်ခြေအလုပ်တစ်ခု လုပ်နေရရင်လည်း ဖြေသိမ့်စရာ ကြံဖန်တွေးပါ။ ဒီနေရာနဲ့ မကျေနပ်နိုင်ရင် ရှေ့ကို လှမ်းဖို့ အားတွေ ထုတ်ပါ။ မျှော်လင့်ချက်တွေ ရှင်သန်နေသ၍ သင်ဟာ Mid-life Crisis ဖြစ်ဖို့ ဝေးနေသေးတယ် ဆိုတာ သေချာပါတယ်။ နောက်ပြီး အသက် ၄၀-၅၀ အထိ နိမ့်ကျတဲ့ ဘ၀မျိုးမှာ နေလာပြီး တစ်ကျော့ပြန် အားမာန်တွေနဲ့ ထိပ်ဆုံးတစ်နေရာ ရသွားတဲ့ သူဌေးတွေ၊ အနုပညာသမားတွေ၊ တီထွင်ဖန်တီးသူတွေ စသဖြင့် ဒီကမ္ဘာကြီးပေါ်မှာ မရေမတွက်နိုင်လောက်အောင် ရှိနေတယ်ဆိုတာ သင့်အတွက် အားတက်စရာ တစ်ခုပါပဲ။



(၄) ပုံမှန် အားကစားလိုက်စားပါ
ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို စနစ်တကျ လုပ်ပေးခြင်းဟာ ဘ၀ကို စိတ်ပျက်ငြီးငွေ့ခြင်း၊ ဘ၀ကို တရားလွန် တပ်မက်စွဲလန်းခြင်း ဆိုတဲ့ အစွန်းတရားတွေကို ထိုက်သင့်သလောက် တားဆီးနိုင်တဲ့ စိတ်အခြေအနေများကို ပေါ်စေတဲ့ အာနိသင် ရှိကြောင်း သိပ္ပံနည်းကျ စမ်းသပ်တွေ့ရှိထားပါတယ်။ ဒါဟာ အိုမင်း လေးလံ အားယုတ်မှုကိုပါ ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုမို့ သက်လတ်ပိုင်း စိတ်ဂယက်ကို ကာကွယ်ဖို့ အသင့်တော်ဆုံး နည်းလမ်း တစ်ခုပါပဲ။

(၅) ဘာသာရေး လိုက်စားပါ
ဘာသာရေး လိုက်စားသူတွေဟာ ဘ၀အပေါ် မျှတတဲ့ အမြင်နဲ့ ကြည့်တတ်ကြလို့ သာမန်လူတွေထက် စိတ်နှလုံး ပိုအေးချမ်းကြတာ တွေ့ရပါတယ်။ တရားဘာဝနာ ပွားများခြင်း (Meditation) ဆိုတာ ဘ၀ရဲ့ အလိုမကျမှုတွေကို ကုစားဖို့ အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သလို Mid-life Crisis ကြောင့် ဖြစ်လာမယ့် သွေးတိုး၊ နှလုံး၊ သတိမေ့ ရောဂါများကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး ဆေးတစ်လက်ပါပဲ။

(၆) အရမ်းရှုပ်ထွေးပြည့်စုံတဲ့ ဘ၀ပုံစံထက် အေးချမ်းတဲ့ ဘ၀ကို ရွေးချယ်ပါ
အရမ်းလန်းတဲ့ကား၊ အိမ်ကြီးအိမ်ကောင်း၊ ၀တ်ကောင်းစားလှတွေ၊ ပိုက်ဆံဖြုန်းတဲ့ အားလပ်ရက် ခရီးစဉ်တွေဟာ ပျော်ရွှင်ကျေနပ်မှုကို ပေးတယ်လို့ ထင်ရပေမယ့် ဆန့်ကျင်ဖက်နဲ့ အဆုံးသတ်တတ်ပါတယ်။ ဒါတွေထဲက အချို့တစ်ဝက် ရှိရင် အတော်လေးကောင်းတဲ့ ဘ၀ ဖြစ်ပေမယ့် အကုန်လုံး ရှိဖို့ အရေး ကျားကုတ်ကျားခဲ ကြိုးပမ်းနေခြင်းဟာ တစ်ချိန်မှာ သက်လတ်ပိုင်း စိတ်ဂယက် ကြုံကိုကြုံရမယ့် အနေအထားလို့ လူမှုစိတ္တဗေဒ ပညာရှင်များက ဆိုပါတယ်။ သာမန်ပြည့်စုံတဲ့ မိသားစုတွေကတော့ ဘ၀ရဲ့ ပျော်ရွှင်မှု အဓိပ္ပာယ်ရှိမှုကို အစစအရာရာ ပြည့်စုံသူတွေထက် ၁.၅ ဆ ပိုခံစားရလေ့ ရှိပါသတဲ့။ အစွန်းရောက်လွန်းစွာ ဆင်းရဲခြင်း၊ ချမ်းသာခြင်းတွေကို ရှောင်နိုင်ရင် သက်လတ်ပိုင်း စိတ်ဂယက်ကိုလည်း ရှောင်ပြီးသား ဖြစ်သွားပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။

(၇) ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ် ပုံမပျက်အောင် ထိန်းသိမ်းပါ
ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် အမူအကျင့်တွေကို လေ့လာဆည်းပူး လိုက်နာထားပါ။ ဒါဆိုရင် သက်လတ်ပိုင်း စိတ်ဂယက် မကြုံဖို့ အားပေးပါတယ်။ ဘ၀မှာ စိတ်မကျဉ်းကြပ်ဖို့ စားချင်တာ စားမယ်၊ နေချင်သလို နေမယ်ဆိုတဲ့ သူတွေဟာ သက်လတ်ပိုင်းစိတ်ဂယက်ကို ခံစားရဖို့ ရာနှုန်းပြည့်နီးပါး နီးစပ်ပါတယ်။ နောက်ထပ် ပြုံးစရာ အချက်တစ်ချက်က ခါးအဆမတန် တုတ်လာသူတွေဟာ သက်လတ်ပိုင်း စိတ်ဂယက်ရဲ့ သားကောင်တွေ ဖြစ်တတ်ပါသတဲ့။ ဒါကြောင့် Mid-life Crisis ကို ကာကွယ်ဖို့ အလှူတွေချည်းပဲ လိုက်စားမနေပါနဲ့၊ ကျန်းမာရေးနဲ့ ဘာသာရေးလဲ လိုက်စားပါဦးလို့ တိုက်တွန်းပါတယ်။

(၈) အလွန်အမင်း နှလုံးသွင်း ခံစားတတ်သော အကျင့်ကို ပြင်ပါ
ချစ်ခင်ရသူ တစ်ဦးဦးနဲ့ သေခွဲ ခွဲရတာမျိုး၊ အလုပ်အကိုင် ထိခိုက်သွားတာမျိုး၊ သားသမီးတွေ စွန့်ခွာသွားတာမျိုး စတဲ့ ထိခိုက်နာကျင်ရမှုတွေကို မေ့ဖျောက်အေးချမ်းအောင် အထက်ပါ အချက် ၇ ချက်ကို လိုက်နာကျင့်သုံး ကာကွယ်ပါ။



တကယ်တမ်းကတော့ ဥရောပသားတွေ ပြောသလို အသက် ၄၀ မှ ဘ၀ စတယ်ဆိုတာဟာ အသက် ၄၀ ရောက်ရင် လူတစ်ယောက်အတွက် ပညာ၊ ဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ မိသားစု စတဲ့ တန်ဖိုးရှိတဲ့ အရာကောင်းတွေ စုစည်းမိထားပြီး ဘ၀ရဲ့ အရသာကို အေးဆေး စခံစားရတော့မယ့် အရွယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ထို့အတူ တစ်ယောက်ချင်းစီအတွက် မိမိကိုယ် မိမိ အမှန်သိခြင်း (Self-actualization) နဲ့ မိမိရဲ့ ကောင်းမွန်မှုတွေကို သိရှိကျေနပ်ခြင်း (Self-awareness) ရအောင် ပြန်လည်ဝေဖန် သုံးသပ်ပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်ရတော့မယ့် အရွယ်ဖြစ်ပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့ အချိန်မှာ Mid-life Crisis ခေါ် သက်လတ်ပိုင်း စိတ်ဂယက်ကို မကြုံတွေ့ရအောင် ကိုယ့်ကိုယ်ကို ပြင်ဆင်နှလုံးသွင်းရင်း (အိုမင်းမှုဆိုတာ စာရေးသူလည်း ကိုယ်ချင်းစာ မခံစားပေးနိုင်သေးပေမယ့်) အိုမင်းမှုကိုလည်း ပုံမှန်စိတ်အနေအထားနဲ့ လက်ခံနှေးကွေးစေရင်း ကျန်းမာပျော်ရွှင်စွာ နေနိုင်ကြပါစေလို့ mmDailyNews ပရိသတ်များအတွက် ဆန္ဒပြုပါတယ်။
Written by : ဒေါက်တာသီဟသစ် 

အင်္ဂလိပ်စာကို ဘယ်လိုလေ့လာကြမလဲ

အမြန်ဆုံးနဲ့ အခြေခံအကျဆုံးကို ပြောပါ့မယ်။ တတ်ပြီးသားတွေကို မရည်ရွယ်ပါဘူး။ ခုမှစပြီး လေ့လာမယ့် သူတွေကိုရည်ရွယ်ပါတယ်။
စတင်လေ့လာလိုသူတွေအတွက် အညွှန်းကိုစပြောမယ်။ (လိုရင်း တိုရှင်းပေါ့)

၁။ ကိုယ့်ကိုယ်ကို ကလေးလိုသဘောထားပါ

ကလေးဆိုတာ စကားသင်ရင် ဖြည်းဖြည်းသင်ပေးရတယ်။ ပထမဦးဆုံး သူတို့ နားထောင်တာကို အရင်လုပ်တယ်။ နားရည်ဝရင် ပြောတာကို စလုပ်မယ်။ နောက်မှ အဖတ်နဲ့ အရေးကို လုပ်ကြတယ်။

၂။ အင်္ဂလိပ်စကား နေ့စဉ်နားထောင်ပါ

ရေဒီယိုကို အင်္ဂလိပ်ပိုင်း အစီအစဉ်များများနားထောင်ပါ။ အင်္ဂလိပ်စကားပြော TV တွေကြည့်ပါ။ ရုပ်ရှင် ကြည့်ရင် လည်း အင်္ဂလိပ်ကားတွေ များများကြည့်ပါ။ ဗီဒီယိုမှာ အင်္ဂလိပ်ကားတွေကြည့်ရင် မြန်မာစာတန်းထိုးနဲ့ မကြည့်ဘဲ အင်္ဂလိပ်စာတန်းထိုးကိုပြောင်းကြည့်နိုင်အောင်ကြိုးစားပါ။ အွန်လိုင်းကို တက်ရင်လည်း အင်္ဂလိပ် သင်ခန်းစာ site တွေကို လျှောက်လေ့လာကြည့်ပါ။

၃။ အင်္ဂလိပ်လိုပြောနိုင်သူတွေနဲ့ မိတ်ဆွေဖွဲ့ထားပါ

အင်္ဂလိပ်စကားဆိုတာ ပြောမှတတ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို ပြောနိုင်သူတွေနဲ့ပေါင်းပြီး များများ ပြောနိုင်အောင် အခွင့်အလမ်းယူပါ။ စပြီး သင်ရင် လွယ်ကူတဲ့ ဖတ်စာအုပ်လေးတွေကိုပဲ ရှာဖတ်ကြည့်ပါ။

၎။ အင်္ဂလိပ်ဇာတ်လမ်း၊ ပုံပြင်တွေများများဖတ်ပါ

ကလေးပုံပြင်စာအုပ်တွေကို အရင်ဆုံးလေ့လာကြည့်ပါ။ ပြီးမှ ESL (English as a Second Language) အနေနဲ့ ပြဌာန်းထားတာတွေကို လေ့လာပါ။ အင်္ဂလိပ်လိုကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ အညွှန်းတွေ လိုက်ဖတ်ကြည့်ပါ။ ခုမှစပြီးလေ့လာတာဆိုရင် EnglishClub.com ကို ၀င်ကြည့်ဖို့ တိုက်တွန်းချင်တယ်။

၅။ ကိုယ်မသိတဲ့ စာလုံးအသစ်တွေတွေ့တိုင်း ချရေးထားပါ

New Words ဆိုပြီး မှတ်စုစာအုပ်တစ်အုပ်လောက်ထားပါ။ အက္ခရာ စဉ်အလိုက် စာမျက်နှာထိပ်တွေမှာ A, B, C … စသဖြင့် ရေးထားပါ။ A နဲ့စတဲ့ စာလုံးတွေကို A စာမျက်နှာမှာပဲ မှတ်ထားပါ။ နမူနာ စာကြောင်းလှလှ လေးတွေကိုလည်း ကြိုက်ရင်မှတ်ထားပါ။ အဘိဓာန်သုံးရင် English-English အဘိဓာန်ကိုပဲ သုံးနိုင်အောင် ကြိုးစားပါ။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို တတ်နိုင်သလောက်ရှောင်ပါ။

၆။ ဒိုင်ယာရီရေးရင် အင်္ဂလိပ်လိုရေးပါ

စာကြောင်းတစ်ကြောင်းပဲဖြစ်ဖြစ် စကြည့်ပါ။ ကိုယ်ခံစားရတာကို စရေးကြည့်ပါ။ ရာသီဥတုအကြောင်း ရေးကြည့်ပါ။ ဒီနေ့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ရေးကြည့်ပါ။ မနက်ဖြန်ဘယ်သူတွေနဲ့တွေ့မယ်၊ ဘာတွေ လုပ်မယ်ဆိုတာရေးကြည့်ပါ။

၇။ အင်္ဂလိပ်စကားပြောနိုင်ငံတွေကို သွားလည်ကြည့်ပါ

အင်္ဂလိပ်စာမြန်မြန်တတ်ချင်ရင် အင်္ဂလိပ်လိုပြောတဲ့လူတွေကြား ရောက်နေတာက ပိုပြီးအဆင်ပြေတယ်။ အင်္ဂလိပ်လိုပြောတဲ့ မိသားစုတွေနဲ့ အတူနေနိုင်အောင်ကြိုးစားမယ်။ ဒေသခံတွေပြောတာကို များများနားထောင် မယ်။ တကယ့်ပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေဖြစ်လိမ့်မယ်။

ဘယ်ကနေစကြမလဲ

ဘာကြောင့်အင်္ဂလိပ်စာကို လေ့လာချင်ရတာလဲ

အင်္ဂလိပ်စာမလေ့လာမီ ကိုယ့်ကိုယ်ကို မေးခွန်းလေးတစ်ခုလောက် ပြန်မေးကြည့်ပါ။ “ငါ ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်ရာတာလဲ” လို့ပေါ့။ ကိုယ်တိုင်ကတတ်ချင်လို့လား၊ သူများက လေ့လာခိုင်းလို့လား။ ဘ၀မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ ရပ်တည်နိုင်မှ ခိုင်မြဲတာ။ ဒီလိုမျိုးပဲ အင်္ဂလိပ်စာကိုလည်း ကိုယ်တိုင်က မဖြစ်မနေ သင်မှရမယ်၊ တတ်မှဖြစ်မယ်ဆို တဲ့ စိတ်ဓာတ်မျိုးနဲ့ လေ့လာသင်ယူကြည့်ပါလား။

ဘယ်လောက်အထိ ရည်ရွယ်ထားသလဲ

ကိုယ်တိုင်က လေ့လာချင်တာသေချာရင် ပန်းတိုင်ရောက်ဖို့ဆိုတာ အလွယ်လေးပဲ။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတစ်နိုင်ငံကို သွားရတော့မယ်ဆိုပါတော့ တကယ့်အခွင့်ကောင်းပဲ။ ကိုယ့်ပန်းတိုင်က အင်္ဂလိပ်လိုတတ်မှဖြစ် တော့မယ်။ ဒါကြောင့် သေရေးရှင်ရေး အင်္ဂလိပ်စာကို လေ့လာရတော့မယ်။ အသုံးများတဲ့ စာလုံး အတော်များများ၊ စကားစုအတော်များများကို သိရတော့မယ်။ ပြန်မပြောတတ်ရင်တောင် သူများပြောတာကို သိအောင် အရင်လေ့လာသွားရမယ်။ အသံထွက်တွေ လေ့လာရတော့မယ်။ ကိုယ်ရည်မှန်းထားတာတွေ အားလုံးကို ချရေးထားလိုက်။

လုပ်ငန်းစဉ်ရေးဆွဲထားပါ

ပန်းတိုင်ရောက်ဖို့ ဘယ်နှနှစ်လောက်လျှောက်မှာလဲ။ ဒီမေးခွန်းကတော့ ဖြေဖို့ခက်မယ်ထင်တယ်။ အရေးကြီး တာက လက်တွေ့ကျကျ လုပ်နိုင်ဖို့ပဲလိုတယ်။ တစ်ပတ်မှာ နာရီ ၆၀ အလုပ်လုပ်မယ်လို့ စိတ်ကူးထားသူတစ် ယောက်ဟာ နာရီ ၄၀ အင်္ဂလိပ်စာလေ့လာမယ်ဆိုပြီး စီမံချက်ရေးထားလို့မရဘူး။ ဖြည်းဖြည်းချင်းစမယ်။ ပုံမှန်လေ့လာနိုင်အောင် စပြီးကြိုးစားမယ်။ အလုပ်အဖြစ်နိုင်ဆုံးကို စပြီးလုပ်မယ်။ ခက်ခက်ခဲခဲတွေကို စပြီးမကိုင်မိစေနဲ့။ တစ်ပတ်လောက် လေ့လာပြီး ကိုယ့်အနေအထားကို ပြန်သုံးသပ်မယ်။ လိုအပ်ရင် လေ့လာမှုကို အတိုးအလျှော့ပြန်ညှိမယ်။ ညဘက် လေ့လာရတာပိုကြိုက်သလား၊ ဘတ်စ်ကားစီးရင်း လေ့လာ သွားရတာကို ကြိုက်သလား၊ တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းလေ့လာရတာကို ကြိုက်သလား၊ သူငယ်ချင်းတွေနဲ့အတူ လေ့လာရတာကို ကြိုက်သလား၊ စာဖတ်ရင် သီချင်းဖွင့်ထားတာ ကို သဘောကျသလား ကိုယ့်စိတ်ကြိုက် လုပ်ငန်းစဉ်ဇယားကို ရေးဆွဲထားဖို့ လိုလိမ့်မယ်။

ဇွဲရှိရှိ ကြိုးစားကြည့်ပါ

အင်္ဂလိပ်စာလေ့လာတယ်ဆိုတာ တွန်းအားတွေ အများကြီးလိုတယ်။ ကိုယ်တိုင်လုပ်ရတဲ့ကိစ္စဖြစ်နေတာကြောင့် ဘယ်သူကမှ ကိုယ့်နေရာကို ၀င်လုပ်ပေးလို့မရဘူး။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်မှရမယ်။ ဇွဲမရှိရင် တတ်မှာမဟုတ်ဘူး။

ပျော်ရွှင်စွာသင်ယူပါ

ဘ၀မှာ အကောင်းဆုံးလုပ်ဆောင်နိုင်တာတွေဟာ၊ စိတ်ချမ်းသာစွာနဲ့ ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့တာတွေကြောင့် များတယ်။ အင်္ဂလိပ်စာ သင်တော့သင်နေတယ်၊ စိတ်ထဲမှာ မပျော်ဘူးဆိုရင် တစ်ခုခုလွဲနေပြီလို့ဆိုနိုင်တယ်။ နည်းစနစ် မှားနေသလား၊ လမ်းကြောင်းလွဲနေသလား ပြန်ပြီးသုံးသပ်ကြည့်ရမယ်။ သင်လို့ ပျော်နေတုန်း စိတ်ပျက်တာတွေလည်းရှိနိုင်တယ်။ ကိုယ့်ကိုယ်ကို အားပေးနေဖို့လည်းလိုတယ်။

ရေး၊ ဖတ်၊ ပြော၊ ကြား လေးနားညီအောင်လုပ်မယ်


တကယ်တော့ ရေး ဖတ် ပြော ကြားဆိုတာ အင်္ဂလိပ်လို 4 key skills ကိုပြောတာ။ အင်္ဂလိပ်လိုကတော့ ကြား၊ ပြော၊ ဖတ်၊ ရေး (Listening, Speakingb, Reading, Writing) လို့ဆိုထားတယ်။ အချို့ကျောင်းသားတွေက အင်္ဂလိပ်လိုကောင်းကောင်း ပြောဆိုဆက်သွယ်နိုင်ကြတယ်။ အဲဒီလိုပြောနိုင်ဖို့ ရည်မှန်းထားတယ်ဆိုရင် LSRW ကို မျှတအောင် လေ့လာဖို့လိုတယ်။ ဒီလေးမျိုးက အရေးလည်းကြီးတယ်။ ဘယ်ဘာသာပဲသင်သင် ဒီလေးမျိုး ပိုင်နိုင်မှရတယ်။ တစ်မျိုးတည်းမှာ ထူးချွန်နေလို့မရဘူး။ စာတော့ ကောင်းကောင်းဖတ်နိုင်ပါရဲ့ မရေး တတ်ဘူးဆိုရင်လည်း လိုသေးတာပဲ။ မပြောခင် နားထောင်တတ်အောင်လုပ်ရမယ်။ ဒီ 4 skills ကို အုပ်စုနှစ်စု ခွဲလိုက်လို့ရတယ်။

          INput            /p>
                   နားထောင်ခြင်း (နားဖြင့်)
                   ဖတ်ခြင်း (မျက်လုံးဖြင့်)

          OUTput         >>>>>      
                   ပြောခြင်း (ပါးစပ်ဖြင့်)
                   ရေးခြင်း (လက်ဖြင့်)

အထက်ကနည်းအတိုင်းသွားကြည့်ပါ။ လွယ်သွားပါလိမ့်မယ်။ ပထမဦးဆုံး Input ကို အရင်လုပ်မယ်။ ပြီးမှ Output ကိုသွားမယ်။ ပထမဦးဆုံး မေးခွန်းတွေ မေးတာကို နားထောင်ကြည့်မယ်။ ပြီးရင် မေးတာတွေကို ပြန်ဖြေကြည့်မယ်။ တစ်ယောက်ယောက်က အင်္ဂလိပ်လို ရေးပေးတဲ့စာကို ဖတ်ကြည့်မယ်။ ပြီးရင် ပြန်စာကို ရေးကြည့်မယ်။ ဒါဟာ ဆက်သွယ်နည်းပုံစံပဲ။

Input နဲ့ Output ကို အစီအစဉ်တကျ သွားစရာမလိုဘူး။ တစ်ခါတလေ ပြောတာကို အရင် လုပ်ချင်လည်းလုပ်မယ်။ နားထောင်တာကို ဒုတိယနေရာမှာ ထားချင်လည်းထားမယ်။ ကြားတာကို နောက်မှ ပြန်ရေးတာကိုလည်း လုပ်ချင်လုပ်မယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တယ်ဆိုတာ နားလည်ဖို့ပဲ။ ကိုယ်နဲ့ ဆက်သွယ်ပြောဆိုတဲ့လူကလည်း အစီအစဉ်အတိုင်း သင်ယူခဲ့တာ ဟုတ်ချင်မှဟုတ်မယ်။

တချို့ကျောင်းသားတွေဟာ ဘယ်အပိုင်းက ပိုပြီးအရေးကြီးသလဲလို့ သိချင်ကြတယ်။ အားလုံး အရေးကြီးတယ်။ တစ်ခုအပေါ်တစ်ခု မှီနေကြတာကြောင့်ပေါ့။ တစ်ခုခုမှာ ကိုယ်က အားသာချင်သာမယ်၊ ပိုပြီး အရေးပါတယ်ဆို တာကတော့ မရှိဘူး။ ဥပမာ အချိန်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို နားထောင်တဲ့ အလုပ်လုပ်ကြတယ်။ ပြောတာကို ၃၅ ရာခိုင်နှုန်းလောက်လုပ်တယ်။ ၁၆ ရာခိုင်နှုန်းလောက်က စာဖတ်ကြတယ်။ အရေးကတော့ ၉ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ ဒီနှုန်းဟာ အင်္ဂလိပ်စာနဲ့ ဆက်သွယ်ပြောဆိုနိုင်သူတွေကို လေ့လာကြည့်ရာမှာ အမှန်တကယ်ရလဒ်တွေပဲ။ ကိုယ့်အလုပ်အကိုင် အခြေ အနေအရ ကွဲပြားမှုတွေရှိနိုင်တယ်။

ပြောခဲ့တဲ့ 4 skills မှာ သူ့သက်ဆိုင်ရာအပိုင်းကို ကျွမ်းကျင်အောင် နည်းနည်းချင်းတော့ထည့်သွားရမယ်။ ဥပမာ အင်္ဂလိပ်စကားပြောမှာ အသံထွက်အရေးကြီးတယ်။ အသံထွက်နဲ့ လေယူလေသိမ်းမှန်ဖို့ဆိုတာ လေ့ကျင့်မှရ တယ်။ စာရေးရင်လည်း စာလုံးပေါင်း အရေးကြီးတာပဲ။ စာလုံးပေါင်းသတ်ပုံမှန်မှ စာရေးမှန်မယ်။ သဒ္ဒါနဲ့ ဝေါဟာရကြွယ်ဝမှုကလည်း လိုသေးတယ်။ ဒီနေရာမှာ လိုအပ်ချက်တွေကို အကုန်ဖြည့်ရမယ်၊ တစ်ခုပြည့်မှ တစ်ခုကို တက်ရမယ်လို့ မဆိုလိုဘူး။ သူ့အပိုင်းနဲ့သူ လိုအပ်ချက်တွေကို နည်းနည်းချင်းဖြည့်သွားနိုင်ရမယ်လို့ ပြောချင်တာ။

ကိုယ်တိုင်က ဘာကို ဘယ်လို ဘယ်အချိန်မှာ ဘယ်လောက်ဆိုပြီး အစီအစဉ်ဆွဲသွားနိုင်ရင် ပိုကောင်းတာပေါ့။ ပြီးတော့မှ အားလုံးကိုပေါင်းစပ်ရမှာလေ။ ဥပမာ ပုံပြင် သို့မဟုတ် ဇာတ်လမ်းတစ်ခုကို အရင်ဖတ်မယ်။ ပြီးရင် အဲဒီဇာတ်ကြောင်းကို သူငယ်ချင်းတစ်ယောက်ယောက်ကို ပြန်ပြောပြကြည့်မယ်။ ရုပ်ရှင်ကြည့်မယ်။ ကြည့်ပြီးရင် အဲဒီရုပ်ရှင်အကြောင်းလေးကို ပြန်ချရေးကြည့်မယ်။ ဒါတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားနေတာပဲ။ ဆရာက သင်ရင်လည်း ဒီအတိုင်းပဲ ငါ့ကိုသင်မှာပါလားလို့ သဘောပေါက်ထားစေချင်တယ်။

၁။ Listening Skill ကို ဘယ်လိုလေ့လာမလဲ


# ရေဒီယိုနားထောင်မယ်


လက်ထဲမှာရေးဖို့ ဘော့ပင်ကို အမြဲမကိုင်ထားနဲ့။ နားယဉ်အောင် နားထောင်ကြည့်မယ်။

# အင်္ဂလိပ်ပိုင်းအစီအစဉ် ရုပ်သံ TV ကိုကြည့်မယ်


နိုင်ငံခြားဘာသာသင်သူတွေအနေနဲ့ ကလေးအစီအစဉ်တွေကိုကြည့်သင့်တယ်။
ကိုယ်ကြိုက်တဲ့ပရိုဂရမ်ကို ကိုယ်ရွေးမယ်။ အင်္ဂလိပ်လိုပဲဖြစ်သင့်တယ်။
ရုပ်သံမှာ ဗန်းစကားတွေ ဘယ်လိုပြောတတ်သလဲဆိုတာ မှတ်သားထားမယ်။ (စိတ်ထဲကမှတ်ဖို့ပြောတာ)

# ကက်ဆက်နားထောင်မယ်


အင်္ဂလိပ်လိုအသံသွင်းထားတဲ့ ဇာတ်လမ်းတွေ၊ ဖတ်စာတွေ၊ ၀တ္ထုတွေ အများကြီးပေါ်နေပြီ။ ကက်ဆက်ခေတ် မဟုတ်ဘူး၊ မရှိတော့ဘူးဆိုရင်တောင် MP3, MP4 တွေနဲ့ နားကြပ်တပ်ပြီး နားထောင်နိုင်တယ်။

# ရုပ်ရှင်ကြည့်မယ်


ဒီခေတ်မှာ ဗီဒီယိုကားတွေကလည်း ဈေးသက်သာ၊ စာတန်းထိုးတွေကလည်းပါလာပြီ။ အင်္ဂလိပ်စာတန်းထိုးပါ တဲ့ဇာတ်လမ်းမျိုးတွေဝယ်ကြည့်နိုင်အောင် ကြိုးစားပါ။

# အင်တာနက်မှာရှာကြည့်ပါ


အင်္ဂလိပ်စာကို အွန်လိုင်းမှာဝင်ပြီး နားထောင်၊ လေ့လာနိုင်ခွင့်တွေ ဒီခေတ်များ အများကြီးရနေပါပြီ။

# အသုံးတည့်တဲ့ အွန်လိုင်း Link တွေကိုမှတ်ထားပါ


ဥပမာ http://www.englishclub.com/listening/index.htm လိုနေရာမျိုးတွေကို ၀င်ကြည့်ပါ။

၂။ Speaking နဲ့ Pronunciation Skill တွေကို ဘယ်လိုလေ့လာမလဲ


# တစ်ယောက်တည်းအပြောကျင့်ပါ


ကြိုက်တာကို ပြောကြည့်ပါ။ ပြောချင်တာကိုပြောကြည့်ပါ။ လူမြင်ကွင်းမှာတော့ မလုပ်နဲ့ပေါ့။ အရူးလို့ အပြောခံ နေရဦးမယ်။ ပြောရင်လည်း ကိုယ့်အသံကိုယ်ပြန်ကြားရအောင် ပြောကြည့်။ တတ်နိုင်ရင် အော်ပြောကြည့်မယ်။

# ကိုယ့်အသံကို အသံသွင်းထားကြည့်မယ်


ဒါကတော့ သိပ်ပြီးမလွယ်ဘူးထင်ရပေမယ့် အသံထွက်အားနည်းချက်ကိုသိပြီး အမြန်ဆုံးပြင်နိုင်တဲ့နည်းလို့ သိထားပါ။ စာပဲဖတ်ဖတ်၊ တစ်ခုခုကိုပဲပြောပြော ကိုယ့် အသံကို ပြန်နားထောင်ကြည့်မယ်။ မူရင်း သူများထွက်တဲ့ အသံနဲ့ တိုက်ဆိုင်ကြည့်မယ်။ ဒီခေတ်မှာ ဒါကလည်း မခဲယဉ်းဘူး။ အသံထွက် အဘိဓာန်တွေရှိနေပြီ။

# အတန်းတွေထဲမှာ သူများတွေပြောရင် ကိုယ်လည်းလိုက်ပြောနိုင်အောင် ကြိုးစားမယ်။


# အများသုံး idioms တွေကို လေ့လာမယ်။


# ကိုယ့်ဘာသာစကားမှာ မပါတဲ့ အသံထွက်တွေကို အထူးလေ့ကျင့်မယ်။


ဥပမာ ဘာသာစကားအတော်များများမှာ အင်္ဂလိပ်စာလုံး R နဲ့တူတဲ့ အသံထွက်မျိုးရှားတယ်။ အထူးလေ့ကျင့် သင့်တယ်။

# ဆရာပြောတာဂရုစိုက်ပါ


ဆရာနဲ့သင်နေတာဆိုရင် လိုချင်တဲ့စိတ်နဲ့ နားစိုက်ထောင်ပါ။ သူကချည်းပြောနေတဲ့ဆရာထက် ကိုယ့်ကိုပြော ခွင့်ပေးပြီး အပြန်အလှန်သင်တတ်တဲ့ဆရာမျိုးကိုရွေးချယ်ပါ။

# စာလုံးတွေ စာကြောင်းတွေရဲ့ stress တွေကို လေ့လာပါ။


 လေယူလေသိမ်း၊ အသံအတိုအရှည်၊ အတိမ် အနက် အသံထွက်တတ်ဖို့ အရေးကြီးပါတယ်။

# လျှာခလုပ်တိုက်နိုင်လောက်တဲ့ tongue twister စာလုံးမျိုးတွေနဲ့ လေ့ကျင့်ကြည့်ပါ။


# အသုံးဝင်တဲ့ အင်္ဂလိပ်စကားပြောလိုင်းတွေရဲ့ link တွေကို ပေးလိုက်ပါတယ်။


http://www.englishclub.com/speaking/index.htm
http://www.englishclub.com/pronunciation/index.htm
http://www.englishclub.com/esl-articles/200002.htm
http://www.englishclub.com/esl-articles/200109.htm

၃။ Reading နဲ့ Vocabulary Skill တွေအတွက် ဘယ်လိုလေ့လာမလဲ


# တစ်ခုခုကို နေ့တိုင်းဖတ်ပါ


ကလေးစာအုပ်၊ လွယ်ကူလေ့လာ အင်္ဂလိပ်စာဖတ်စာအုပ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ အင်တာနက်ဆိုက်၊ ၀တ္ထု တွေကို အင်္ဂလိပ်လို နေ့စဉ်ဖတ်နိုင်အောင် ကြိုးစားကြည့်ပါ။

# စိတ်ပါတာကိုပဲဖတ်ပါ


ကိုယ်စိတ်ပါတဲ့စာကိုဖတ်တာ ပိုကောင်းပါတယ်။ စိတ်မပါတဲ့၊ မဖတ်ချင်တဲ့စာတွေကို ဇွတ်ဖတ်နေရတာ စိတ်ဖိစီးပါတယ်။

# ကိုယ်နဲ့ကိုက်ညီတဲ့ level ကိုပဲဖတ်ပါ


ဖတ်လို့များများနားလည်ရင်ကောင်းပါတယ်။ ခက်လွန်းတာတွေဖတ်နေရင် နားမလည်တော့ စိတ်ပျက်သွားလိမ့် မယ်။ အင်္ဂလိပ်စာမှာ level အလိုက်ခွဲထားသလို၊ level အလိုက်တက်တာပဲကောင်းတယ်။ ဥပမာ 500 level, 1000 level, 1500, 2000, 3000, 4000 ဆိုပြီးတော့ level အလိုက်မြင့်သွားလိမ့်မယ်။ နိမ့်ရာကနေစပြီးလေ့ လာသင့်တယ်။

# ဇာတ်လမ်းတွေဖတ်ရင် W ငါးလုံးကို ပြန်တွေးတတ်ရမယ်


W ငါးလုံးဆိုတာက (Who, What, Where, When, Why) ဆိုတာကိုပြောတာ။ ဘယ်သူ့အကြောင်းကိုပြောနေ တာလဲ။ ဘာတွေဖြစ်သွားသလဲ။ ဘာကြောင့်အဲဒီလိုဖြစ်သွားတာလဲ။ ဘယ်နေရာမှာဖြစ်သွားတာလဲ။ ဘယ် အချိန်မှာ ဖြစ်သွားတာလဲ စတာတွေကို ပြန်ပြီးသုံးသပ်နားလည်နိုင်ရမယ်။ မြန်မာလိုပြောရင်တော့ “ဘ” ငါးလုံး ပေါ့။ ဒါတွေကို နားလည်ရင် ပြန်ပြောပြဖို့ သို့မဟုတ် ပြန်ဖြေဖို့ အများကြီးအထောက်အကူဖြစ်လိမ့်မယ်။

# အနားမှာ English-English Dictionary ကိုထားပါ


ကိုယ့်ဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ dictionary တွေကို အားကိုးအားထားပြုရင် မှားတတ်ပါတယ်။ အင်္ဂလိပ်စာကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း ရှင်းပါတယ်။ နားလည်လွယ်တာကြောင့် အင်္ဂလိပ်ကို အင်္ဂလိပ်လိုရှင်းထားတဲ့ အဘိဓာန်ကိုပဲ သုံးသင့်ပါတယ်။ အင်တာနက်သုံးသူတွေဆိုရင် အွန်လိုင်း ပေါ်က အင်တာနက် dictionary တွေကို အသုံးပြုနိုင်ပါတယ်။

# ကိုယ်ပိုင် dictionary လေးတစ်ခုလုပ်ထားပါ


-       မှတ်စုစာအုပ်လေးတစ်အုပ် သီးခြားထားပါ
-       အက္ခရာစဉ်လိုက် စာမျက်နှာထိုးပြီး ဝေါဟာရတွေကို မှတ်ထားပါ
-       အသုံးများ ပြောစကားတွေကို မှတ်ထားပါ
-       အသုံးများစာကြောင်းတွေ၊ ကိုယ်ကြိုက်တဲ့စာကြောင်းတွေ ရေးမှတ်ထားပါ
-       ညတိုင်း အိပ်ယာမ၀င်မီ တစ်ခေါက်လောက်ပြန်ဖတ်ကြည့်ပါ

# Reading Skill အတွက်လေ့ကျင့်ဖို့ link တွေကိုဖော်ပြပေးလိုက်ပါတယ်


http://www.englishclub.com/reading/index.htm
http://www.englishclub.com/vocabulary/index.htm
http://www.englishclub.com/esl-articles/200003.htm

၎။ Writing Skill အတွက် ဘယ်လိုလေ့လာမလဲ


# ဒိုင်ယာရီရေးပါ


ဂရမ်မာတွေ စနစ်တွေ ဂရုစိုက်မနေပါနဲ့။ လွတ်လပ်စွာ ရေးချင်သလိုရေးပါ။ ပျော်စရာကောင်းပါလိမ့်မယ်။ ပျော်သွားရင် ပိုရေးချင်လိမ့်မယ်။

# အီးမေးလ်ကို အင်္ဂလိပ်လိုပဲရေးပါ


ဘယ်သူနဲ့ဆက်သွယ်သည်ဖြစ်စေ အီးမေးလ်ကို အင်္ဂလိပ်လိုပဲရေးနိုင်အောင်လုပ်ပါ

# ပြည်တွင်းထုတ်သတင်းစာကို အင်္ဂလိပ်လိုပြန်ရေးကြည့်ပါ


ဒါကနေ့တိုင်းလေ့ကျင့်နိုင်တဲ့ အကောင်းဆုံးနည်းပဲ။ တတ်နိုင်ရင် ပြည်တွင်းထုတ် အင်္ဂလိပ်၊ မြန်မာနှစ်စောင်ဝယ် ပြီး ပြန်တိုက်ဆိုင်ကြည့်ပါ။ အကျိုးများပါတယ်။

# စာလုံးပေါင်းသတ်ပုံဂရုစိုက်ပါ


အင်္ဂလိပ်စာမှာ စာလုံးပေါင်း spelling စနစ်တွေရှိပါတယ်။ ကွန်ပျူတာမှာ စာလုံးပေါင်းမှားတာတွေကို spelling-checking လုပ်ခိုင်းနိုင်ပေမယ့်၊ ကိုယ်တိုင်ရေးနေတာဆိုရင်တော့ ဂရုစိုက်ပြီး စာလုံးပေါင်းမမှားအောင် လုပ်ပါ။

# မှားတတ်သော စာလုံးပေါင်းတွေကို လေ့လာပါ


# မှားတတ်တဲ့ အင်္ဂလိပ်စာကိုလေ့လာပါ


# အပြန်အလှန်ပေးစာတွေကို အင်္ဂလိပ်လိုပေးနိုင်တဲ့ သူငယ်ချင်းတွေထားပါ


# Writing Skill အတွက် လေ့လာသင့်တဲ့ link တွေကတော့


http://www.englishclub.com/writing/index.htm
http://www.englishclub.com/esl-articles/200102.htm

အခြားသိသင့်သောအချက်များ
Grammar ကို မကြောက်ပါနဲ့


# Grammar ဆိုတာ ဆက်သွယ်ဖို့ပါ


လေ့လာသူတွေအများစုရဲ့စိတ်ထဲမှာ ဂရမ်မာဆိုတာကြီးကို ဖိစီးတတ်ပါတယ်။ အင်္ဂလိပ်စာကို နည်းစနစ်ကျကျ စကတည်းက လေ့ကျင့်သင်ကြားပေးတဲ့ကျောင်းတွေမှာ တက်ခဲ့သူတွေဆိုရင်တော့ ကိစ္စမရှိဘူး။ သဘောတရား လောက်ပဲနားလည်ခဲ့သူတွေအနေနဲ့ လေ့ကျင့်ဖို့လိုတယ်ဆိုပေမယ့် များများရေး၊ များများပြောလာနိုင်ရင် အဆင် ပြေသွားပါလိမ့်မယ်။

# အပေါင်းအသင်းနည်းတာပြဿနာ


သဒ္ဒါမတတ်၊ စာမတတ်ဆိုတာကိုမေ့ထားပါ။ ဂရမ်မာနဲ့ချည်း အချိန်ကုန်နေစရာမလိုပါ။ ရေးကြည့်ပါ။ တိုတိုလေး တွေစရေးပါ။ နည်းနည်းရေးပြီး တိုးသွားကြည့်ပါ။ တစ်ယောက်တည်းမနေပါနဲ့။ ဆရာတွေကို ကိုယ်ရေးထားတာ ပြကြည့်ပါ။ ကိုယ့်လို အင်္ဂလိပ်စာဝါသနာတူသူချင်း ရေးထားတာတွေပြပြီး ဝေဖန်ဆွေးနွေးကြည့်ပါ။ တစ်ယောက်တည်းလေ့လာတာထက်၊ အများနဲ့လေ့လာတာ ပိုပြီးအကျိုးများတတ်ပါတယ်။

# သင်ရင်တတ်တယ်


ကိုယ့်ထက် ငယ်သူတွေကို ပြန်ပြီးဂရမ်မာသင်နိုင်အောင် ကြိုးစားပါ။ သင်ချင်ရင် ပြင်ဆင်မယ်။ ပြင်ဆင်ရင် တတ်တယ်။ ဆရာလုပ်တယ်ဆိုတာ ဆရာလုပ်နိုင်တဲ့အရည်အချင်းရှိမှဖြစ်တာကြောင့် ဆရာလုပ်ချင်စိတ်က သင်သွားပါလိမ့်မယ်။

# Grammar နဲ့ပတ်သက်ပြီး လေ့လာသင့်တဲ့ link တွေ


http://www.englishclub.com/grammar/index.htm
http://www.englishclub.com/esl-articles/200007.htm
http://www.iei.uiuc.edu/web.pages/grammarsafari.html

Monday, August 22, 2011

တယ်လီဖုံးအင်္ဂလိပ်စာ

Making special requests (အထူးမေတ္တာရပ်ခံခြင်း)      

 - Could you please repeat that?
   ကျေးဇူးပြု၍ ပြန်ပြောပေးလို့ရမလား။

 - Would you mind spelling that for me?
   စာလုံးပေါင်းပြပေးလို့ရမလားရှင်။

 - Could you speak up a little please?
   နည်းနည်းကျယ်ကျယ်လေးပြောပေးလို့ရမလား။

- Can you speak a little slower please? My English isn't very strong.
  နည်းနည်း ဖြည်းဖြည်းလေး ပြောပေးပါလား။ ကျွန်တော်အင်္ဂလိပ်စာမကောင်းလို့ပါ။

 - Can you call me back? I think we have a bad connection.
   ပြန်ခေါ်ပေးပါလား။ လိုင်းမကောင်းဘူးနဲ့တူတယ်။

 - Can you please hold for a minute? I have another call.
   ကျေးဇူးပြုပြီး ခဏကိုင်ထားပေးပါလား။ တခြားဖုန်းတခုလာနေလို့ပါ။

Taking a message for someone (တစုံတယောက်အတွက်အမှာစကားလက်ခံပေးခြင်း)   

- Sammy's not in. Who's this? (Informal)
  ဆမ်မီအပြင်သွားပါတယ်။ အခုဘယ်သူပါလဲ။

 - I'm sorry, Lisa's not here at the moment. Can I ask whose calling?
   လီဆာအခုဒီမှာမရှိပါဘူး။ အခုပြောနေတာ ဘယ်သူပါလဲ။

 - I'm afraid he's stepped out. Would you like to leave a message?
   သူအခုလေးတင်ပဲ ထွက်သွားပါတယ်။ အခုဆက်တာ ဘယ်သူပါလဲ။

 - He's on lunch right now. Who’s calling please?
   သူထမင်းသွားစားနေပါတယ်။ အခုဆက်တာ ဘယ်သူပါလဲ။

 - He's busy right now. Can you call again later?
   သူအခုအလုပ်များနေပါတယ်။ ခဏနေရင်ပြန်ခေါ်လို့ရမလား။

 - I'll let him know you called.
  ခင်ဗျားဆက်တယ်လို့ပြောလိုက်ပါမယ်။

 - I'll make sure she gets the message.
   ခင်ဗျားမှာထားတာ သူမကို အသေအချာ ပြောလိုက်ပါမယ်။

Leaving a message with someone (တစုံတယောက်နှင့်အမှာစကားထားခဲ့ခြင်း)
         
 - Could you please tell him/her I called?
  ကျွန်တော်ဆက်တယ်လို့သူ/သူမ ကိုပြောပေးပါလား။

 - Would you mind asking him to call me on my mobile? My mobile is.....
   ကျေးဇူးပြုပြီး သူ့ကို ကျွန်တော့် လက်ကိုင်ဖုန်းကို ပြန်ခေါ်ပေးပါလို့ ပြောပေးလို့ရမလား။ ကျွန်တော့် နံပါတ်က ....ပါ။

 - Could you ask her to call me as soon as she can? It's urgent.
   သူမ ပြန်ရောက်ရောက်ခြင်း ကျွန်တော့်ဆီဖုန်းဆက်ပေးပါလို့ ပြောပေးပါ။ အရေးကြီးကိစ္စရှိလို့ပါ။

 - Yes, can you tell him his wife called, please?
   ဟုတ်ကဲ့။ သူ့အမျိုးသမီးဆက်တယ်လို့ကျေးဇူးပြုပြီး  ပြောပေးပါ။

 - No, that's okay, I'll call back later.
   ရပါတယ်။ ကျွန်တော် ပြန်ခေါ်လိုက်ပါမယ်။

 - Thanks; could you ask him to call Brian when he gets in?
   ကျေးဇူးပါ။ သူပြန်လာရင်ဘရိုင်ယန်ဆီပြန်ဆက်ပါလို့ပြောပေးလို့ရမလား။

 - Do you have a pen handy? I don't think he has my number.
   အနားမှာ ဘောပင်ရှိလားဗျာ။ သူ ကျွန်တော့်ဖုန်းနံပါတ်ကို မသိဘူးလို့ထင်ပါတယ်။

 - Thanks. My number is 222-3456, extension 12.
   ကျေးဇူးပါပဲ။ ကျွန်တော်နံပါတ်က ၂၂၂-၃၄၅၆  လိုင်းခွဲ  ၁၂  ပါ။

Thursday, August 18, 2011

............ဘုရားရှေ့က ခြင်္သေ့ရုပ်က ဒီလိုပါ..........

စာရေးသူယခု တင်ပြသွားမည့်စာသားလေးက (ဘုရားရှေ့က ခြင်္သေ့ရုပ်က ဒီလိုပါ )ဆိုတဲ့ အကြောင်းလေးကို

မှားသောအပိုင်း နှင့် မှန်သောအပိုင်း ဆိုပြီး

နှစ်ပိုင်းခွဲခြားရေးသားသွားမှာဖြစ်ပါတယ်။ ယခုအကြောင်းအရာကို ရေးသားရခြင်းအကြောင်းကား စာရေးသူ ဟင်္သာအကြောင်းကို ရေးသား၍ မျှဝေလိုက်သောအခါ စာပေချစ်ခင်သူများသည် ခြင်္သေ့အကြောင်းကိုလည်း သိချင်ပါသည် ဆက်လက်၍ ရေးသားပေးရန် တောင်းဆိုသူများ ရှိခဲ့သောကြောင့် ခြင်္သေ့အကြောင်းကို ရေးသားလိုက်ခြင်းဖြစ်ပါသည်။ အချို့စာပေချစ်ခင်သူများသည် ဘုရားစေတီများရှေ့တွင် ခြင်္သေ့ပုံကို တွေ့မြင်ကြရသည့်အခါ ခြင်္သေ့အကြောင်းကို သိချင်သူများ
အလွန်တရာများလှသည်။ တချို့သိသူများရှိသလို မသိသူများလည်း အလွန်များလှသည်။ တချို့သိသူများကလည်း ဃဃနန သိသူရှိသလို လွဲမှားပြီး သိကြသူများလည်းရှိကြသည်။ သိပြီးသူများလည်း ပြန်လည်၍သိစေခြင်းငှါလည်းကောင်း၊ တိတိကျကျ မသိသေးသည့် သူများလည်း မှန်မှန်ကန်ကန် သိစေခြင်းငှာလည်းကောင်း လက်လှမ်းမှီသမျှ ရှာဖွေစုဆောင်း၍ရေးသားသွားပါမည်။

တချို့ဗုဒ္ဓဘာသာဝင် အများစုသည် သီဟဗာဟု မင်းကို အကြောင်းပြုပြီး ဘုရားစေတီရှေ့များတွင် ခြင်္သေ့ရုပ်ပုံများ ထုလုပ်ထားသည်ဟု ရေးသားသူများရှိသလို သိရှိထားကြသူများလည်း ရှိကြပေသည်။ အထက်ပါ အထောက်ထား မှန်မမှန် ဝေဖန်သုံးသပ်ဘို့ များစွာလိုအပ်လှပေသည်။

သီဟဗာဟုမင်းနှင့်ပတ်သက်ပြီး ဘုရာစေတီများရှေ့တွင် ခြင်္သေ့ရုပ်ပုံများထုလုပ်ထားသည်ဟုရေးသားထားသော
( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ ) ထုတ်တွင်လည်းကောင်း၊

မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) နှင့်

ဓမ္မရတနာ(Google groups) မှာလည်း ဖြန့်ဝေထားသည်ကို စာရေးသူရှာဖွေဖတ်မှတ်ထားပါသည်။

ရေးသားထားပုံမှာ...........

..............ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု...........

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာသာတရားကို လွန်စွာယုံကြည် ကိုးစားကာ ရိုသေကိုင်းရှိုင်းကြပေသည်။ မြန်မာပြည်တ၀န်း အရပ်ရပ်တွင် ဘုရားစေတီ ပုထိုးတို့ကို တွေ့မြင်နိုင်ပါသည်။ ယင်းစေတီပုထိုးတို့၏ မုခ်ဦးတွင် ခြင်္သေ့ရုပ်တု နှစ်ခုကို တွေ့မြင်ရသည်မှာ အထင်အရှားပင်။ ထိုကဲ့သို့ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့မြင်ရခြင်း အကြောင်းရင်းမှာ အောက်ပါ ပုံဝတ္ထုအရတို့ ဖြစ်ပါသည်။

ရှေးအခါက ၀င်္ဂတိုင်းကို အစိုးရသော ၀င်္ဂရာဇ်မင်းသည် ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်၏။ ထိုမိဖုရားမှ သမီးတော်တပါး ဖွားမြင်၏။ သမီးတော်လေး၏ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည်-ဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မင်းသမီးကို ကေသရီ-ဟု အမည်မှည့်ကြ၏။ ကေသရီသည် လွန်စွာလှပ ချောမောလှသော်လည်း ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၏။ ခမည်းတော်၊ မယ်တော်တို့ ဆိုဆုံးမခြင်းကို နာခံခြင်း မရှိသောကြောင့် ပြည်မှ နှင်ထုတ်လိုက်၏။

မင်းသမီးလည်း ဆင်းရဲသူမ အသွင်ဖြင့် လှည်းကုန်သည်တို့နှင့် လိုက်သွားလေသည်။ လာဠတိုင်းဖြစ်သော တောအုပ်သို့ ရောက်သည့်အခါ ကျောက်ဂူ၌ နေသော ကေသရာဇာခြင်္သေ့မင်းသည် လှည်းအပေါင်းကို လိုက်လေသည်။ လှည်းသားများ ကြောက်ရွံ့၍ ထွက်ပြေးပုးန်းရှောင်ကြ၏။ မင်းသမီးမှာမူ နိမိတ်ဖတ်ပညာရှိတို့ စကားကို သိထားလေရာ ခြင်္သေ့မင်းရှိရာသို့ ပြေးသွားတော့၏။ ခြင်္သေ့မင်းလည်း မင်းသမီးကို မြင်တွေ့လေသော် တပ်မက်သောစိတ်ရှိသဖြင့် ခါးအမြီးတို့ကို လှုပ်လျက် နားနှစ်ဖက်ကို ချပြီးလျှင် စောင့်နေ၏။ မင်းသမီး၌ တပ်စွန်းခြင်းရှိသောကြောင့် မိမိကျောကုန်းထက်၌ တင်ပြီးလျှင် ကျောက်ဂူသို့ ခေါ်ဆောင်သွား၏။မင်းသမီးသည် ခြင်္သေ့မင်းဖြင့် သားတယောက်၊ သမီးတယောက် အမြွှာမွေးဖွား၏။ သားကို သီဟဗာဟု နှင့် သမီးကို သီဟသီဝလိ-ဟု အမည်မှည့်၏။ သားနှင့်သမီးတို့ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော် မိခင်အား ၄င်းတို့သည် မိခင်နှင့်သာ အသွင်တူ၍ ဖခင်နှင့် မည်သို့သောကြောင့် အသွင်မတူသနည်းဟု မေး၏။ ထိုအခါ မိခင်က ယင်းသည် ခြင်္သေ့မင်းနှင့် ပေါင်းဖက်ရသည့်အကြောင်းကို ပြောပြလေသည်။ သားဖြစ်သူက မိခင်နှင့် နှမကိုခေါ်၍ မိမိအဘိုးရှိရာ ၀င်္ဂတိုင်းသို့ ထွက်ပြေး၏။ ၀င်္ဂတိုင်း၏ နယ်စွန်ဖြစ်သော ပစ္စန္တရာဇ်သို့ ရောက်လေရာ မင်းသမီးဦးရီးတော်၏ သားဖြစ်သူ အနုနမည်သော စစ်သူကြီးနှင့် တွေ့ဆုံကြလေသည်။ အနုနစစ်သူကြီးက အကျိုးအကြောင်းကို မေးမြန်းရာ ၀င်္ဂမင်း၏ သမီးတော်ဖြစ်ကြောင်း
သိသွားသဖြင့် ၀င်္ဂမြို့သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေလေသည်။ခြင်္သေ့မင်းလည်း အစာရှာရာမှ ပြန်လာသော် ဇနီးနှင့်သားသမီးတို့ကို မတွေ့သဖြင့် ပူပင်သောကရောက်ကာ လိုက်လံရှာဖွေရာ တိုင်းစွန်ပြည်နားသို့ပင် ရောက်ရှိခဲ့၏။ ခြင်္သေ့ဝင်သဖြင့် ရွာအများပျက်စီးကြရလေသည်။ ထို့ကြောင့် ပြည်သူအများက ၀င်္ဂမင်းကြီးအား ခြင်္သေ့ကို နှိမ်နင်းပေးပါရန်
လျှောက်ထားကြသည်။ မင်းကြီးလည်း ဆင်ကုန်းထက်တွင် ဆုငွေထောင်ထုပ်ကို တင်လျက် ခြင်္သေ့ရန် နှိမ်နင်းနိုင်သူကို ရှာဖွေစေ၏။ သီဟဗာဟု သတို့သားလည်း ဤခြင်္သေ့သည် ငါတို့ကို မတွေ့သမျှ ရှာဖွေမည်သာ။ သို့ဖြစ်၍ ဤခြင်္သေ့ကို သတ်မှ ငြိမ်းအေးမည်-ဟု မယ်တော်ကို တိုင်ပင်၏။ မယ်တော်က နှစ်ကြိမ်တိုင်တိုင် တားမြစ်သည်။ သုံးကြိမ်မြောက်၌မူ မယ်တော်ကို မပန်ကြားဘဲ အသပြာထောင်ထုပ်ကို ယူပြီးလျှင် ဓား၊ လှံ၊ လေးမြားတို့ကိုယူ၍ ခြင်္သေ့ရှိရာ ကျောက်ဂူသို့ သွားလေ၏။ ခြင်္သေ့မင်းလည်း အဝေးမှ လာနေသောသားကို မြင်ရသော် ချစ်ခြင်းမေတ္တာစိတ်ဖြင့် စောင့်လင့်ကာ နေတော့သည်။ မင်းသားလည်း မြားရောက်နိုင်သည့် နေရာမှရပ်၍ မြားဖြင့်ပစ်လွှတ်၏။ သားအား ချစ်ခြင်းမေတ္တာအဟုန်ကြောင့် မြားသည်
ခြင်္သေ့မင်း၏ နဖူးကို ထိမှန်သော်လည်း စူရှခြင်းမရှိဘဲ ပြန်လည်၍ မင်းသား၏ခြေရင်း၌ ကျ၏။ ဤသို့ သုံးကြိမ်မြောက် ပစ်ပါသော်လည်း ရှေးနည်းတူပင် ပြန်လည်၍ မင်းသား၏ခြေရင်း၌ကျ၏။ ပစ်ဖန်များသော် ခြင်္သေ့မင်းလည်း အမျက်ထွက်လာသဖြင့် လိုက်၍ နှိပ်စက်ခြင်းငှါ ကိုယ်ကို လှုပ်ရှား၏။ ထိုအခါမှ ပစ်လွတ်သောမြားသည် နဖူးမှဝင်၍ ရင်သားကို ထွင်းဖောက်ကာ ကျောကုန်းမှ ထွက်ပြီးလျှင် မြေသို့ဝင်လေ၏။ ခြင်္သေ့မင်းလည်း သေဆုံးလေရာ မင်းသားသည် ခြင်္သေ့ဦးခေါင်းကို ဖြတ်၍ မင်းအား ဆက်သရန် ယူဆောင်လာခဲ့သည်။

ဝင်္ဂမင်းကြီးသည် ခြင်္သေ့ရန်ကို နှိမ်နင်းရန် သီဟဗာဟုအား စေလွှတ်ပြီးနောက် ကိုယ်တွင်းရောဂါဖြင့် ကံတော်ကုန်လေသည်။ အလောင်းကို သင်္ဂြိုဟ်ပြီး ခုနစ်ရက်မြောက်နေ့တွင် မင်းသားပြန်ရောက်လာခဲ့၏။ သီဟဗာဟုသည် ၀င်္ဂမင်း၏ မြေးတော် အရင်းလည်း ဖြစ်သဖြင့်လည်းကောင်း၊ ခြင်္သေ့ရန်ကို နှိမ်နင်းအောင်နိုင်ခဲ့သဖြင့်လည်းကောင်း၊ မှူးမတ်အပေါင်းတို့က ထီးနန်းကို အပ်နှင်းကြလေသည်။ သီဟဗာဟုလည်း မယ်တော်နှင့် ခင်ပွန်းအနုရက္ခ စစ်သူကြီးတို့အား ထီးနန်းကို အပ်နှင်းကာ မင်းပြုစေ၏။ မိမိမူကား နှမတော် သီဝလိကို မိဖုရားပြုကာ လိုက်လိုသူများကို ခေါ်ဆောင်လျက် မိမိအား မွေးဖွားရာ လာဠတောအုပ်ကို ရှင်းလင်းသုတ်သင်ပြီးလျှင် ခြင်္သေ့ဂူကို အဦးထား၍ မြို့တည်နေလေသည်။ ထိုမြို့ကို သီဟပုရမြို့-ဟု အမည်သမုတ်၏။

သီဟဗာဟုမင်းသည် မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိကာ ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဘုရားစေတီပုထိုးတို့၏ မုခ်ဝတွင်လည်းကောင်း၊ ပစ္စယံ ၀န်းကျင်တွင်လည်းကောင်း၊ ခြင်္သေ့ရုပ်တုတို့ကို တွေ့မြင်နိုင်ပါသည်။ အသောကမင်းကြီး၏ စိုက်ထူသော ဆန်ချီနှင့်ဘာရု (Sanchi and Bharut) တွင်ရှိသည့် တိုင်ထိပ်၌ ခြင်္သေ့သုံးစီ၏ ရုပ်တုကို တွေ့မြင်ရပါသည်။

အထက်ပါ ပုံဝတ္ထုအရ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့ရသည်ဟု ယူဆမိပါသည်။

( တက္ကသိုလ်-ခေမာ။ ကျိုက်လတ် )

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ )

အထက်ပါအထောက်အထားနှင့်ရေးသားထားသော အကြောင်းအရာများကို ရေးသားရာဝယ် ကျမ်းအမည်မပါပါ။
ထို့ကြောင့်စာရေးသူသည် ကျမ်းအမည်ကို ထပ်၍ ဖြည့်စွက်ထည့်ပေးလိုက်ပါသည်။ ကျမ်းအမည် ...မဟာဝင် စာအုပ်ကြီးဖြစ်ပါသည်။

မဟာဝင်စာအုပ်သည် အမှန်တော့ သီဟိုဠ်ရာဇ၀င် စာအုပ်ဖြစ်ပါသည်။ စာပေကို ချစ်ခင်ကြသူ မိတ်ဆွေအားလုံးတို့ ဘာသာရေးမှာ အသိတိုးစေဘို့ မဟာဝင်စာအုပ်ကို ဖတ်စေချင်ပါသည်။

အထက်ပါဆောင်းပါး၏ ဆိုလိုချက်ကို အကျဉ်းချုပ်ပြရမယ်ဆိုရင်..

သီဟဗာဟုမင်းရဲ့ မိခင်ဟာ ခြသေ့င်္နဲ့ ပေါင်းသင်းပြီး သားဖြစ်သော သီဟဗာဟုနဲ့ သမီးဖြစ်သော သီဟသီဝလ တို့ကိုမွေးပါသည်။ မွေးဖွားလာသော သီဟဗာဟုဟာ အဖေဖြစ်တဲ့ ခြသေ့င်္ကို နောက်ဆုံးသတ်မိသောကြောင့်.သီဟဗာဟုမင်းလည်း မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအခါ နောင်တတရား ရပြီး ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်သည်.ဟု ဆိုလိုပါတယ်.

တကယ်စဉ်းစားကြည့်မယ်ဆိုရင်ဖခင်ကိုသတ်မိလို့ နောင်တ ရ ကိုးကွယ်တာနဲ့ ဘုရားရှေ့မှာ ခြင်္သေ့ပုံကို ထားတာနဲ့ နှိုင်းယှဉ်ကြည့်လိုက်သောအခါ မသက်ဆိုင်ပဲ ကွာခြားနေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် စာပေချစ်ခင်သူ ဗုဒ္ဓဘာဝင်တို့လည်း အလေးနက်ထား နှိုင်းယှဉ်ပါက ခြင်္သေ့ရုပ်ကို ဘုရားရှေ့မှာထားမှုနဲ့ မသက်ဆိုင်တာကို သိနိုင်ပါလိမ့်မည်။

စာရေးသူ လေ့လာရှာဖွေပြီး အမှန်ကို တင်ပြရမည်ဆိုလျှင်........

ဗုဒ္ဓဘာသာနဲ့ပက်သက်တဲ့ သင်္ကေတများအကြောင်းကိုလေ့လာလိုက်သောအခါ ..အောက်ပါတိုင်းဖြစ်ပါသည်။
ဦးဇင်းတို့ ဂေါတမဘုရားရှင်သည် ၀ါဆိုလတွင်
ပဋိသန္ဓေယူခြင်း၊
တောထွက်ခြင်း၊
တရားဦး ဓမ္မစကြာဟောကြားခြင်းတို့ဖြစ်ပါသည်။

ပဋိသန္ဓေယူသောအခါ ဆင်သင်္ကေတဖြင့်လည်းကောင်း၊
တောထွက်သောအခါ မြင်းသင်္ကေတဖြင့်လည်းကောင်း၊
တရားဦး ဓမ္မစကြာဟောကြားသောအခါ စကြာ .လှည်းဘီး သင်္ကတဖြင့်လည်းကောင်း အမှတ်သားပြုထားသည်ကိုတွေ့ရပါသည်။

တဖန်...

ကဆုန်လတွင်
ဖွားမြင်ခြင်း၊
ပွင့်( သစ္စာသိ) ခြင်း၊
စံ (ပရိနိဗ္ဗာပြု) ခြင်း နှင့် ဗျာဒိတ်ခံ ယူခြင်းတို့ကို စာပေတွင် လေ့လာတွေ့ရှိရပါသည်။

ဖွားမြင်သောအခါ ကြာသင်္ကေတနှင့် ရာသီခွင်ကို နွားသင်္ကေတတို့ဖြင့်လည်းကောင်း၊
ပွင့် ( သစ္စာသိ) သောအခါ ဗောဓိပင်နှင့် ခြင်္သေ့သင်္ကေတတို့ဖြင့်လည်းကောင်း၊
စံ (ပရိနိဗ္ဗာန်ပြု) သောအခါ နွားသင်္ကေတနှင့်ထူပါသင်္ကေတတို့ဖြင့်လည်းကောင်း၊
ဗျာဒိတ်ခံသောအခါ ကြာသင်္ကေတတို့ဖြင့်လည်းကောင်း စာပေမှာ လေ့လာမှတ်သားရပါသည်။

သင်္ကေတတို့၏ ဆိုလိုချက်များကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသေးသည်။

ကြာ ..... မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်အခါက မွေးပြီးလျင်ပြီးချင်း နင်းလျောက်ခဲ့သောအရာ၏ သင်္ကေတ ဖြစ်ပါတယ်။
နွား ...... မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်နဲ့ ပရိနိဗ္ဗာန်စံဝင်သည့် လ၌ ရှိသော ရာသီခွင်၏ သင်္ကေတဖြစ်ပါတယ်။
ဆင် ..... မယ်တော်မာယာဝမ်းကြာတိုက်သို့ ပဋိသန္ဓေယူခဲ့စဉ်က အမှတ်အသားဖြစ်သည့် သင်္ကေတဖြစ်ပါတယ်။
မြင်း ...... မြတ်စွာဘုရားလောင်းတော် တောထွက်စဉ်က စီးခဲ့သော မြင်း၏ သင်္ကေတဖြစ်ပါတယ်.
(တနည်း) ကုသိုလ်တရားများပြုရာတွင် လျင်မြန်စွာပြုခြင်း၏ သင်္ကေတဖြစ်ပါတယ်..
စကြာ..... ဘုရားရှင် ဓမ္မစကြာဟောစဉ်က မဂ္ဂင်ရှစ်ပါး၏ သင်္ကေတဖြစ်ပါတယ်..
ဗောဓိပင် ....... သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ခဲ့သည့် နေရာ၏ သင်္ကေတဖြစ်ပါတယ်
ထူပါ ..... ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ကာ မီးသင်္ဂြိုလ်ပူဇော်ခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
ခြသေ့င်္ .... သစ္စာလေးပါးကို ရဲဝံ့စွာသိခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
(တနည်း)ဘုရားရှင်တို့မည်သည် အကျိုးကို မကျင့်ပါ..အကြောင်းကိုသာ ကျင့်ပါတယ်။..

ခြင်္သေ့၏ သဘောသဘာဝသည် ရဲ့ရင့်ခြင်း မကြောက်လန့်ခြင်းဖြစ်၏။ ခြသေ့င်္သည် သားကောင်ကို ဖမ်းသောအခါ ငယ်သည်ဖြစ်စေ ၊ ကြီးသည်ဖြစ်စေ အားအင်အပြည့်ဖြင့် ဖမ်းလေ့ဖမ်းထရှိသည်။ အားအင်အကုန်ထုတ်သုံးခြင်းဆိုတဲ့ အကြောင်းတရားကြောင့် မည်သည့်သတ္တ၀ါမျှ မလွတ်တော့ဘဲ အသေသတ်ပုတ်နိုင်မည်။ ခြင်္သေ့သည် တစ်စုံတစ်ဦးက သူ့အား မည်သည့်လက်နက်ဖြင့် ပစ်ခတ်ပြီး ရန်မူသော်လည်း လက်နက်ကို အရေးမစိုက် အကြောင်းဖြစ်သော ရန်သူကိုသာ ရဲဝံ့စွာ နောက်မဆုတ်ပဲ ခုခံတိုက်ခိုက်ပြီး အနိုင်ယူလေ့ရှိပါသည်။ ခြင်္သေ့သည် အကြောင်းတရားကိုသာ လိုက်ပြီး အပြတ်ရှင်းသည်ဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။

ထိုနည်းတူစွာ မြတ်စွာဘုရားရှင်သည်လည်း သစ္စာလေးပါးကို သိရာဝယ် ပြိုင်ဘက်မရှိ ရဲရင့်လှပေသည်။ အမှန်ဖြစ်သော ပဋိစ္စသမုပ္ပါဒ် တရားကို သိသည့်အတိုင်း ရဲရဲ ၀ံ့ဝံ့ ချပြသင်ပြပေးသည်။ထို့ကြောင့် မြတ်စွာဘုရားရှင်၏ ပဋိစ္စသမုပ္ပါဒ် တရားတော်သည်အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘ၀ တို့ ဖြစ်ပေါ်မလာအောင် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ကျင့်သုံးပြီး သူတစ်ပါးကိုလည်း ကျင့်သုံးစေလျက် အကြောင်းတရားကိုသာ ပယ်ခွာသည်။

အကြောင်းတရားများ ဖြစ်ပေါ်မလာပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ) သည် နောက်ထပ်ဖြစ်မလာနိုင်တော့ချေ ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေသောကြောင့် အကျိုးတရားတို့ကို မဖြစ်အောင် လုပ်ယူ၍ မရစကောင်းပါ။

လူသားများသည် ခန္ဓာ ဟူသော (ဒုက္ခသစ္စာ) အကြောင်းတရားများ မရှိပါက ဝေဒနာ ဇရာ ၊ မရဏ ဟူသော အကျိုးတရားတို့ ဘယ်သောအခါမှ ဖြစ်စရာအကြောင်းမရှိချေ ။ ခန္ဓာ ဟူသော (ဒုက္ခသစ္စာ) အကြောင်းတရားရှိ၍သာ ဝေဒနာ ၊ ဇရာ၊ မရဏ တို့ ဖြစ်ပေါ်လာကြရသည်။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ပင်ကိုယ်သဘာဝအတိုင်း ဖြစ်ပေါ်နေသော အကျိုးတရားကို သတ်ဖြတ်၍ မရသောကြောင့် အကျိုးတရားကို မကျင့်ပါ။

ခန္ဓာဟူသော ဒုက္ခသစ္စာ အကြောင်းတရားကိုသာ အဓိကအားဖြင့် သတ်ဖြတ်သောကြောင့် အကြောင်းတရားကိုသာ ကျင့်ပါသည်ဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။

အထက်ပါ စကားနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်ပါက ခြင်္သေ့သည် အကြောင်းကိုသာ လိုက်၍ အဓိကထား သုတ်သင်ပါသည်။

မြတ်စွာဘုရားရှင်ကလည်း အကြောင်းတရားကို အဓိကထားသတ်ဖြတ်ပယ်ခွင်းလေ့ရှိပါသည်။ ဤသို့အားဖြင့် ခြင်္သေ့နှင့် မြတ်စွာဘုရားရှင်သည်

အကြောင်းတရားတို့ကို အဓိကထားရှင်းလင်းသတ်ဖြတ် သုတ်သင်တာခြင်းတူကြသည်။

လောကလူသားတို့သည် တစ်ဦးနှင့်တစ်ဦးမတရားလိုချင်မှု လောဘ ၊ လိုချင်တာမရကြသည့်အခါ မုန်းတီးမှုဒေါသ စသော

အကြောင်းတရားတို့များစွာဖြစ်ကြသောကြောင့် သံသရာ ဘ၀ပင်လယ်ပြင်မှ အဆုံးမသတ်နိုင်ဘဲ ကျင်လည်နေကြရသည်။
အကယ်၍သာ လောဘစသော အကြောင်းတရားတို့ ဖြစ်ပေါ်မလာပါက ဆင်းရဲခြင်း ဒုက္ခဆိုတာလည်း ဖြစ်လာဘွယ်မရှိခြေ။

ထို့ကြောင့် မြတ်စွာဘုရားရှင်သည်လည်း သံသရာဝယ် ကျင်လည်နေကြရသော သတ္တ၀ါအားလုံးတို့အား အကြောင်းတရားတို့ကို

ပယ်သတ်ရန် လမ်းပြပေးသည်။ လောဘစသော တရားတို့လွှမ်းမိုးနေကြသော လူသားတို့အား ဤတရားတို့သည် သံသရာ ရှည်ကြောင်းဖြစ်၏။ သံသရာမှထွက်မြောက်ကြောင်း တရားတို့ကို ကျင့်သုံးနိုင်ပါမှ ဘ၀ငြိမ်းချမ်းမှုအစစ်ကို ရနိုင်မည်။

ထို့ကြောင့် လူသားအားလုံးတို့အား ဘ၀ငြိမ်းကြောင်းတရားတို့ကို ထာဝစဉ် အမှတ်ရစေခြင်း ၊ ကျင့်သုံးစေခြင်းငှါ ခြင်္သေ့ရုပ်တုကို ထုလုပ်ပြသထားခြင်းဖြစ်ပါသည်။

လူသားအားလုံးတို့အား ဘုရားစေတီများရှေ့က ခြင်္သေ့ပုံကို မြင်ကြသည့်အခါ အော်.......ဘုရားရှေ့က ခြင်္သေ့ရုပ်က ဒီလိုပါလားဟု သိကြစေငှာ ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါသတည်း..........

စာရေးသူသွားရောက်လေ့လာသောနေရာများ

၁။ မဟာဗုဒ္ဓ၀င် ရှစ်တွဲ
၂။ မဟာဝင်
၃။ လည်တီဆရာတော်၏ ဘုရားရှိခိုး ခုနှစ်မျိုး
၎။ BUDDHiST SYMBOLS
၅။ ဓမ္မစေတီ ဟောထားသော နှလုံးသားဝယ် ဘုရားတည် အပိုင်း (၁)
၆။ ( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ ) ထုတ်တွင်လည်းကောင်း၊
မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) နှင့်
ဓမ္မရတနာ(Google groups)
၇။ www.dhammaceti.org

မှတ်ချက်........
၁နှင့်၂ သည် ဗုဒ္ဓဘာသာဝင်များတွက် တကယ်သိမှ တကယ့်ဗုဒ္ဓဘာသာဖြစ်မှာမို့ တကယ်ဖတ်မှတ်ရမယ့်စာအုပ်များပါ။
၃.သည် ဂေါတမမြတ်စွာ ဘုရား ဘယ်နေ့ ဖွားပြီး ဘယ်နေ့မှာ တောထွက်တယ် စသည်သိအောင် နှုတ်တွင် ဗုဒ္ဓဘာဝင်တိုင်း ရထားသင့်သည်။
၎ သည် ဗုဒ္ဓဘာသာ သင်္ကေတများ အကြောင်းကို ရေးသားထားသော အင်္ဂလိပ်စာအုပ်ဖြစ်သည်။
ယင်းစာအုပ်ကို အင်တာနက်ပေါ်တွင်လည်း ဖတ်လို့ အဆင်ပြေပါသည်။
ကျန်သော အညွှန်းများကို သိနိုင်လောက်ပါပြီ။။။

အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
bhavaalin@gmail.com / http://goodbrother-goodbrother.blogspot.com/