Menu

Popular Posts

Friday, September 23, 2011

The Innovator’s DNA

Jeffery H. Dyer, Hel B. Gregersen, & Clayton M. Christensen (HBR December 2009)

လူအများစုက တီထွင်ကြံဆတယ်ဆိုတာ အရမ်းရှုပ်ထွေးခက်ခဲတယ်လို့ထင်ကြပါတယ်။ ဒီလို တီထွင်တတ်ဖို့ဆိုတာ သာမန်လူတွေ လက်လှမ်းမမှီနိုင်ဘူးလို့လည်း ထင်ကြပါတယ်။ ကိုယ်အဖွဲ့အစည်းထဲကိုတီထွင်ကြံဆနိုင်တဲ့ လူတွေ အလုပ်ဝင်လုပ်လာအောင်၊ ကိုယ့်ကိုယ်ကိုတီထွင်ကြံဆနိုင်စွမ်းရှိတဲ့သူ ဖြစ်လာအောင်ဘယ်လိုလုပ် ကြမလဲဆိုတာတွေက ဒီနေ့ခေတ်မှာအရမ်း အရေးကြီးလာပါတယ်။ တချို့လူတွေအတွက် တီထွင် ကြံဆနိုင်စွမ်းဆိုတာ မွေးရာပါအရည်အချင်းတစ်ခုဖြစ်ပေမယ့် အဲဒီ့အရည်အချင်းမပါလာတဲ့လူတွေကလည်း ကိုယ့်ဘာသာကိုယ်creative ဖြစ်အောင် ပြုစုပျိုးထောင်လို့ရနိုင်ပါတယ်။

Innovative ဖြစ်တဲ့ စွန့်ဦးတီထွင်သူ ၂၅ ယောက်၊ ကုမ္ပဏီအရာရှိ ၃၀၀၀ ကျော်နဲ့ ပစ္စည်းသစ်တီထွင် တဲ့လူ ၅၀၀ တို့ကို ၆ နှစ်ကြာ တွေ့ဆုံလေ့လာပြီးတွေ့ရှိခဲ့တာကတော့ creative ဖြစ်တဲ့လူတွေမှာ ရှာဖွေ တွေ့  ရှိထုတ်ဖော်နိုင်သော အရည်အသွေး - (Discovery Skills) - ၅ ချက်ရှိတယ်ဆိုတာပါပဲ။ အဲဒီ့အရည်အသွေးတွေမှာ စဉ်းစားတဲ့အပိုင်းနဲ့ လက်တွေ့ပိုင်းဆိုပြီး နှစ်ပိုင်းရှိပါတယ်။ စဉ်းစားတဲ့အပိုင်းမှာ ဆက်စပ်တွေးခေါ်ခြင်းက အဓိကဖြစ်ပြီး လက်တွေ့ ပိုင်းလုပ်ဆောင်တဲ့အပိုင်းမှာ မေးခွန်းတွေမေးတာ ၊ ကြည့်ရှုလေ့လာတာ ၊ လက်တွေ့ ပြုလုပ်တာနဲ့ လူမှုကွန်ယက်ကျယ်ပြန့်စွာ ထားတာတွေ ပါဝင်ပါတယ်။

Discovery Skill 1 - ဆက်စပ်တွေးခေါ်ခြင်း (Associating)

ပထမဆုံးအရည်အချင်းတစ်ခုကအပေါ်ယံကြည့်ရင် ဘယ်လိုမှမဆက်စပ်တဲ့ မတူညီတဲ့ ဘာသာရပ်နယ်ပယ် တွေကအမြင်တွေကိုဆက်စပ် စဉ်းစားနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ Intelligence ရှိရုံသာမကဘဲ သဘော တရားတွေကို ခြုံငုံပြီး ဆက်စပ်စဉ်းစားခြင်း (Holistic Thinking)ဆိုမျိုးလိုပါတယ်။ မတူညီတဲ့ ဘာသာရပ်တွေ ဆက်စပ်တွေးခေါ်ခြင်းအားဖြင့်ဥရောပတွင် Renaissance လို့ခေါ်တဲ့အင်မတန်မှ Innovative ဖြစ်တဲ့ အတွေးအခေါ်သစ်တွေပေါ်ပေါက်လာခဲ့တဲ့ဉာဏ်သစ်လောင်း ခေတ်ကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဥပမာ- Steve Jobs ဆိုရင်လည်း သူ့ဘ၀တစ်လျှောက်လုံးကမတူတဲ့ idea တွေကို ချိတ်ဆတ်ပြီးတွေးခေါ်ရာကနေ  အောင်မြင်နေသူဖြစ်ပါတယ်။

Discovery Skill 2 - မေးခွန်းများမေးခြင်း (Questioning)

စီမံခန့် ခွဲမှုပိုင်းမှာ ဆရာတစ်ဆူဖြစ်တဲ့ Peter Drucker က အဖြေမှန်ရဖို့က အခက်ဆုံးပြဿနာမဟုတ်ဘူး၊ မေးခွန်းမှန်ရဖို့ကအခက်အခဲဆုံးဖြစ်တယ်လို့ဆိုပါတယ်။ Tata ကုမ္ပဏီရဲ့ Chairman ဖြစ်သူ ကလည်း မမေးအပ် တဲ့၊ မမေးရဲတဲ့ မေးခွန်းမျိုးတွေလျှောက်မေးကြည့်ပါ (Question the unquestionable) လို့ဆိုတယ်။ထူးထူးခြားခြားတီထွင်ကြံဆမှုရှိတဲ့ မေးခွန်းတွေထွက်လာဖို့ဆိုတာက သာမန်ပဲ စဉ်းစားနေကျ လူတွေအတွက် ဆိုရင်တော့ စိန်ခေါ်မှုတစ်ရပ် ပဲပေါ့။တီထွင်ကြံဆနိုင်ဖို့ဆိုရင် ဒီလိုမေးခွန်းတွေမေးရပါတယ်...
"ဘာကြောင့်ဖြစ်ရတာလည်း"
"ဘာကြောင့်မဖြစ်ရတာလည်း"
"တကယ်လို့များ တစ်ခုခုဖြစ်ခဲ့ရင်" ဆိုတာမျိုးတွေပါ...

မန်နေဂျာတွေနဲ့ ဒါရိုက်တာအများစုက လက်ရှိအခြေအနေကနေနည်း နည်း ထပ် တိုးတက်ဖို့ကိုပဲ အလေးပေးတဲ့ မေးခွန်းတွေပဲ မေးတတ်ကြတယ်။ တီထွင်ကြံဆတတ်တဲ့စွန့်ဦးတီထွင်တဲ့သူတွေကတော့အမြဲ စွဲထားတဲ့ ယူဆချက်တွေနဲ့ သမရိုးကျအတွေးအခေါ်တွေကို စိန်ခေါ်တဲ့ မေးခွန်းတွေအမြဲတမ်းထုတ်ပြီး စဉ်းစားနေတတ်ပါတယ်။ အဖွဲ့အစည်းတိုင်းမှာအများနဲ့ဆန့်ကျင်တတ်တတ်တဲ့ သူတွေ အမြဲလိုလို ရှိတတ်ပါတယ်။ အဲဒီ့လူတွေကအားလုံးက ကောင်းတယ်လို့သဘောတူထားတဲ့ ကိစ္စတွေကိုလည်းကန့်လန့်လုပ်တတ်တယ်။ ဆန့်ကျင်ဘက်လုပ်ရာကနေ ပိုကောင်းတဲ့ အမြင်တွေ၊ နည်းလမ်းတွေ၊ Idea အသစ်တွေရတတ်ပါတယ်။

ဒါ့ကြောင့် တချို့အဖွဲ့အစည်းတွေမှာ Idea အသစ်တွေလိုလာရင် Brainstorming လုပ်တဲ့ အခါမျိုး၊ Quality Circle ဖွဲ့စည်းတဲ့ အခါမျိုးတွေမှာကန့်လန့်တိုက်ဖို့ Devil’s Advocate တစ်ယောက်ကိုရွေးပြီး အဖွဲ့ဖွဲ့ပေးတတ်ပါတယ်။ Idea Generation အတွက် မတူတဲ့ Idea တွေများများရ ဖို့အတွက်ပါ။ ဒါကြောင့် ဆန့်ကျင်ဘက်ကိုအမြဲတမ်း တွေးတွေးပေးဖို့လိုပါတယ်။

တီထွင်ကြံဆတဲ့လူတွေကသူတို့စိတ်ထဲမှာကိစ္စတစ်ခုခုနဲ့ပတ်သတ်ပြီးလုံးဝဆန့်ကျင်နေတဲ့ အတွေးနှစ်မျိုး ရှိနေတတ်တယ်။ ဆန့်ကျင်ဘက်ကို တွေးပေး ခြင်းအားဖြင့် သမားရိုးကျ မဟုတ်တဲ့ နည်းသစ်တွေ ရလာနိုင် ပါတယ်။

Discovery Skill 3 - ကြည့်ရှုလေ့လာခြင်း (Observing)

ကုမ္ပဏီအရာရှိတွေက နေ့စဉ်ဘ၀ ဖြစ်ရပ်တွေ၊ အခြေအနေ တွေကိုလေ့လာပြီးတော့လည်းသာမန် မဟုတ်တဲ့ စီးပွားရေး အကြံဉာဏ်တွေရတတ်ပါတယ်။ ကြည့်ရှု လေ့လာတယ်ဆိုတာက အသေးစိတ် လေ့လာရ
မှာဖြစ်တယ်။ အဓိကအားဖြင့် မိမိရဲ့ကုန်ပစ္စည်းတွေကို ၀ယ်ယူနိုင်တဲ့လူရဲ့အခြေအနေ၊ အပြုအမှုတွေကို အသေးစိတ် ကြည့်ရှုလေ့လာဖို့ လိုပါတယ်။ တခြား Company တွေရဲ့ activities ၊ Supplier ရဲ့ activities ၊ နဲ့ ပြိုင်ဘက် ရဲ့ activities တွေကိုလေ့လာစောင့်ကြည့်ပြီး စီးပွားရေးအမြင်သစ်တွေရလာမှာပါ။

Discovery Skill 4 - လက်တွေ့စမ်းသပ်ခြင်း (Experimenting)

Innovators တွေက သူတို့ရဲ့idea တွေကို ပုံစံငယ်လုပ်ပြီး လက်တွေ့စမ်းသပ်တတ်ပါတယ်။ သူတို့ကသူတို့ ကျင်လည်တဲ့ ပတ်ဝန်းကျင်ကို စမ်းသပ်ခန်းလို သဘောထား တတ်ပါတယ်။ ဒီလို လက်တွေ့လုပ်ပြီး လက်တွေ့ဘ၀အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီးပိုမိုဆန်းသစ်တဲ့ အတွေးအခေါ်တွေရလာနိုင်တာပေါ့။

Discovery Skill 5 - လူမှုကွန်ယက်ကျယ်ပြန့်စွာ ထားခြင်း (Networking)

တီထွင်ကြံဆတဲ့သူတွေက မိမိ နှင့်မတူညီတဲ့ အမြင်ရှိတဲ့လူတွေနဲ့အပေါင်းအသင်းလုပ် ဆက်ဆံတတ်ပြီး သူတို့ရဲ့အသိပညာ အ၀န်းအ၀ိုင်း ပိုမိုကျယ်ပြန့်လာအောင် လုပ်တတ်ကြပါတယ်။ သူတို့က ဒေသခြား၊ နိုင်ငံခြားက မတူညီတဲ့ဘ၀၊ မတူညီတဲ့ နေထိုင်မှုပုံစံတွေကို လေ့လာတတ် ပါတယ်။

နိုင်ငံတကာဆွေးနွေးပွဲတွေတက်ပြီးစွန့်ဦးတီထွင်သူတွေ၊ ပညာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ စွန့်စားသူတွေ၊ အတွေးအခေါ်ပညာရှင်တွေနှင့်နှီးနှောဖလှယ်တွေ့ဆုံတာတွေ လုပ်ပြီး တော့လည်း အတွေးအခေါ်သစ် တွေရနိုင်ပါတယ်။ စွန့်ဦး တီထွင်ကြံဆမှုဆိုတာ မွေးကတည်းက ကိုယ့်သွေးထဲမှာ မတော်တဆ ပါလာခြင်းမျိုး မဟုတ်ပါဘူး။ ဆန်းသစ် တီထွင်တတ်ဖို့ကိုယ့်ဘက်က အမြဲတမ်း လေ့ကျင့်ပြင်ဆင်နေဖို့ လိုအပ်တယ်။

အဓိကအားဖြင့် ယခုဖော်ပြခဲ့တဲ့ Skills တွေကို သိရှိ နားလည်း ရုံတင်မဟုတ်ဘဲလက်တွေ့ ဘ၀မှာအကျင့်ဖြစ်သွား တဲ့အထိလေ့ကျင့် ပေးရမှာပါ။ အများနဲ့မတူတဲ့ တွေးခေါ်မှုမျိုးရဖို့အတွက် ပုံမှန်တွေးခေါ်မှုပုံစံတွေကခွဲထွက်ပြီး ဘောင်ခတ်မထားဘဲ လွတ်လပ်စွာ တွေးခေါ်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။

Written by:

Aung Kyaw Htay
Training & Student Service Manager
Strategy First Institute

Download လုပ်ရန်
www.strategyfirstinstitute.com/index.htm

အချစ်တဲ့

လူရယ်လို့ဖြစ်လာကြတဲ့အခါ ကလေးဘ၀အချိန်ကတည်းက အချစ် ဆိုတဲ့စကားလုံးကို မကြာခဏကြားနေရတာပေါ့။ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာတော့ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှုတွေဟာ ထင်ထင်ရှားရှား ပွင့်အန်လာတတ်တာ ဓမ္မတာပါ။ we are biologically programmed to be attracted to opposite sex.ပေါ့။ အချစ်ဘယ်ကစသလဲ။ တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးတွေ့ဖူးခြင်းမရှိပါပဲ အောင်သွယ်တော်ကောင်းမှုနဲ့ တွေ့ကြတဲ့ blind date မျိုးလည်းရှိတယ်။ တစ်ချို့ကျတော့ မြင်မြင်ချင်းချစ်သွားကြတယ်တဲ့။ love at first sight. မိန်းကလေးတစ်ယောက်ရဲ့ အလှ beauty ၊ ညှို့ဓါတ်(သို့) ကျက်သရေ charm တွေဟာ မြင်ရတဲ့ယောက်ျားလေးတွေအဖို့ ငြင်းဆန်ခြင်းဟာမစွမ်းသာတဲ့ undeniable ပိုင်ဆိုင်မှု assets တွေပါပဲ။ ဒီတော့လဲ have a crush on (somebody) ကြိုက်မိသွားတာပေါ့။ တစ်ခါတစ်လေမှာ သူ့အပြုံးလေးတစ်ခု၊ ပါးပေါ်က မှဲ့လေးတစ်စက် ဒါမှမဟုတ် ပါးချိုင့်လေး တစ်ခုနဲ့တင် အရမ်းခိုက် to be smitten with somebody သွားတတ်တာလဲရှိတယ်။ကိုယ်နှစ်လိုတဲ့ သူနဲ့တွေ့တဲ့အခါ မျက်လုံးချင်းဆုံအောင် eye contact ယူကာ သူနဲ့နီးစပ်အောင် chat (somebody) up စကားရှာပြောဖို့ကြိုးစားရတယ်။ မိန်းကလေးဘက်ကစတဲ့အခါမှာတော့ တစ်ချို့ယဉ်ကျေးမှု အမြင်မှာ ပရောပရီ flirt with (somebody)လုပ်သလိုမျိုးတော့ရှိတာပေါ့။ တစ်ချို့ကျတော့လည်း a secret admirer တိတ်တခိုးချစ်နေရရင်ကြေနပ်နေကြပြန်တယ်။ တဘက်သတ်ဘ၀ unrequited love, unrequited passion ကိုတော့ ဘယ်သူမှလိုချင်ကြမှာမဟုတ်ပါဘူး။အဆင်ပြေမယ်ဆိုရင်တော့
ချစ်စကားပြော propose လုပ်တဲ့အဆင့်ကိုတက်မယ်။ အစဉ်အလာအားဖြင့် ယောက်ျားလေးက ဒူးထောက် goes down on one knee ပြီး pop the question မေးခွန်းမေးတယ်။ အရှက်ကြီးတဲ့ မိန်းကလေးများကြတော့ ချက်ခြင်း အဖြေပေးရင်သိက္ခာကျမှာစိုးလို့ စိတ်မ၀င်စားသလို indifference နေပြကြမယ်။ ဒါကို ကောင်လေးဘက်က အထာကိုင်နေတာ playing hard to get လို့ထင်တတ်တယ်။ ကောင်မလေးက yes လို့ဖြေလိုက်ရင်တော့ ချစ်သူတွေဖြစ်သွားကြပြီပေါ့။

အချစ်က ပျော်ရွှင်ခြင်း happiness, joy၊ အနစ်နာခံခြင်း sacrifice, မျှော်လင့်ခြင်း hope, တွေကိုဆောင်ယူလာပေးမယ်။ ကိုယ့်ချစ်သူကို ပွင့်လင်းရိုးသားမှု sincerity ရှိဖို့တော့လိုမယ်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားနားလည် admiration, appreciation, esteem, favour, honor, regard တတ်မှ ရေရှည်ခိုင်မြဲမယ့် long-term relationship ဖြစ်မှာပေါ့။ ချစ်စခင်စကြင်နာစ be in the flush of romance အချိန်မှာ ချစ်သူကို ချစ်စနိုးနဲ့ခေါ်တဲ့အမည်တွေ terms of endearment တွေကလည်း darling, sweetheart, love, babe/baby, honey တဲ့အများကြီးပဲ။ ချစ်သူဘ၀နဲ့ကြာလာတဲ့အခါ အတူတူနေချင်လာကြရင် to take the plunge စေ့စပ်ကြ၊ လက်ထပ်ကြမယ်။ လူကြီးမိဘတွေစုံရာနဲ့ engage စေ့စပ်ကြမယ်။ tie the knots စုလျားရစ်ပတ်လက်ထပ်ကြမယ်။ ကောင်လေးက သူ့ဇနီးလောင်း fiancee ကို စေ့စပ်လက်စွပ် engagement ring လေးပေးမယ်။ သတင်းကြားတဲ့ သူငယ်ချင်းတွေကတော့ I can hear wedding bells ဘယ်တော့စားရမလဲလို့ နောက်လိမ့်မယ်။ မင်္ဂလာဆောင်အတွက်တော့ နှစ်ဦးသားပီတိတွေနဲ့
ပြင်ဆင်ကြရမှာပါ။ ယူကေမှာတော့မင်္ဂလာဆောင်တွေဟာ Registry Office ရုံးတက်လက်မှတ်ထိုးတဲ့ civil ceremony အရပ်မင်္ဂလာဆောင်နဲ့ ဘုရားကျောင်းမှာဆောင်တဲ့ ထုံးတမ်းဆင်လာ white wedding မင်္ဂလာဆောင်ရယ်လို့နှစ်မျိုးရှိပါတယ်တဲ့။ ဘုရားကျောင်းမှာဆောင်ရင် ကြိုတင်ဘွတ်ကင် (booking) လုပ်ရတယ်။ draw up a guest list ဖိတ်မယ့်ဧည့်သည်စာရင်းလုပ်မယ်။ bridesmaids သတို့သမီးအရံနဲ့ best man သတို့သားအရံရွေးမယ်။ တကယ့်မင်္ဂလာပွဲလုပ်မယ့်နေ့အထိ pre-wedding nerves စိုးရိမ်စိတ်တွေရှိတတ်ကြတာသဘာဝပါ။ မင်္ဂလာဆောင် ဧည့်ခံပွဲ reception ပြီးသွားတဲ့အခါမှာတော့ ကြင်စဦးဇနီးမောင်နှံ newly weds, just married ဖြစ်သွားကြပါပြီ။  leave on honeymoon ပျားရည်ဆမ်းခရီးထွက်ချင်ထွက်နိုင်ကြပြီလေ။ nuptial chamber သဉ္ဖာလီခန်းဆောင်လယ်မှာ မင်းသားလေးနဲ့မင်းသမီးလေး ပေါင်းကြလေသတည်းပေါ့။

ဒါပေမယ့် တစ်ချို့ relationship ဇတ်လမ်းလေးတွေကတော့ ပျော်စရာမကောင်းဘဲ  အလွမ်းနဲ့ဇာတ်သိမ်းရတာလည်းရှိတတ်တာပဲလေ။ The course of true love never did run smooth အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရာလမ်းမရှိဘူးလို့ ရှိတ်စပီးယားကြီးကတော့
ပြောခဲ့ဖူးတာပဲ။ အချစ်တစ်ခုကိုတည်မြဲဖို့ဆိုတာက အကြောင်းတရားတွေအများကြီး ကိုက်ညီမှဖြစ်မှာပါ။ ဒါကြောင့်လည်း falling in love ချစ်ရတာထက် staying in love အချစ်ကိုတည်မြဲအောင်လုပ်ရတာ ပိုခက်တယ်လို့ ဆိုကြပါပေါ့။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အခါ have a domestic/ have a row စကားများရန်ဖြစ်ကြပြန်တယ်။ မိန်းမကပဲဖြစ်ဖြစ်၊ ယောက်ျားကပဲဖြစ်ဖြစ် he/she is playing away from home အပြင်မှာ old flame ငယ်ကျွမ်းဆွေနဲ့ပြန်ဇတ်လမ်းသစ်တွေရှာတဲ့အခါ အော်ကြီးဟစ်ကျယ်ဖြစ်လို့ အိမ်နီးနားချင်းတွေကတောင် they have blazing rows လို့ပြောယူရမယ်။ တစ်ဖက်သားမှာ love sick, heartbroken အသည်းကွဲမယ်။ အချစ်နာကျမယ်။ သူ့ကို fed up with စိတ်ကုန်လာမယ်။ ဒီထက်ဆိုးလာရင် loose appeal မေတ္တာပျက်သွားမယ်။ အချစ်ကျောခိုင်းလိုက်ပြီဆိုရင်တော့ hate, loathe, အမုန်းမြို့ရိုးရဲ့အစပေါ့။  despise, detest စက်စုပ်ရွံရှာတဲ့ပုံစံနဲ့သူ့ကို တည့်တည့်ကြည့်ပြီး you are the person I hate most မေတ္တာတုန်းကြီးလို့ပြောလိုက်မယ်။ နောက်ဆုံး to split up လမ်းခွဲကြဖို့ပြောမယ့်စကား break-up lines တွေကလည်းမနည်းဘူး။

We need to talk
I just need some space
It's not you, it's me
I hope that we can always be friends
This is hurting me more than it is hurting you
It's not enough that we love each other
It simply wasn't meant to be

"ကိစ္စများမြောင်လူတို့ဘောင်ဝယ်အိမ်ထောင်သားမွေး" ကိစ္စတွေဟာသိမ်မွေ့နက်နဲတတ်ပါတယ်။ ချစ်သူဘ၀ make love to somebody အချစ်နယ်ကျွံကြရင်းနဲ့ နောက်ပိုင်း ချစ်သူက to dump somebody ပစ်သွားလို့ ကိုယ်ဝန်နဲ့ကျန်ခဲ့တဲ့အခါ အဖေမပေါ်တဲ့ကလေး lovechild တွေရဲ့ဘ၀လေးတွေကသနားစရာကောင်းလှပါတယ်။ ဖြူစင်တဲ့မေတ္တာတရားဆိုတာကမှ
အေးမြတဲ့ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။ချစ်သူကိုရောအချစ်ခံရတဲ့သူကောနှစ်ဦးစလုံးအတွက် cheerful, glad, joyful, joyous, merry, pleased   သာယာပျော်ရွှင်မှုကိုပေးတဲ့ true love အချစ်စစ်နဲ့ ဘ၀ကြင်ဖော် soulmate တွေ့ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဇာနည်(MyWay!)
22-9-2011

Read more: အချစ်တဲ့ - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A419537&xgs=1&xg_source=msg_share_topic#ixzz1YlIkUIiW

ကျွန်တော်နှင့်ငွေလဲသူများ(၁)


ကျွန်တော်ဒီအကြောင်းကိုရေးရမယ်ဆိုရင် ကိုယ့်ပေါင်ကိုယ်လှန်းထောင်းသလိုဖြစ်လိမ့်..မယ်။ ဒါပေမဲ့ဗျာ..မတတ်နိုင်ဘူး..လေ။ဘာဘဲဖြစ်ဖြစ်ပေါ့.. ..သင်ခန်းစာတစ်ခု အသိတစ်ခုအနေနဲ့တော့ဒီစာကိုကျွန်တော်ရေးရလိမ့်.မယ်။လူတွေကပြောကြတယ်ဗျ.. လူတွေကောင်းကြောင်း၊မကောင်းကြောင်း စသည်ဖြင့်ပေါ့ဗျာ။ ဒီမှာတော့ကျွန်တော်ပြောမှာက.. လူတွေမကောင်းကြောင်း.. ဘာဖြစ်လို့မကောင်းတာလဲလို့မေးမယ်ဆိုရင်တော့..ကျွန်တော်မှာဖြေစရာရှိပါတယ်။
အဖြစ်ကသည်လိုဗျ... . ပြောရမယ်ဆိုရင်တော့... စင်္ကာပူက မြန်မာပြည်ကို ..အပြန် မြန်မာငွေက.. သုံးစရာမရှိတော့... ကျွန်တော်နဲ့သူငယ်ချင်းနှစ်ယောက်.. ဆူးလေးကိုသွားပြီ ဒေါ်လာလဲမယ်ပေါ့ဗျာ..ဒီလိုနဲ့  ၄၅ ဘတ်စ် စီးပြီးတော့..  ဆူးလေးကို.. ရောက်ခဲ့တယ်.ဆိုပါစို့။ ဆူးလေးဘုရားအနီး.. လွတ်လပ်ရေးပန်းခြံနားက ဘတစ်ကားမှတ်တိုင်မှာ ကိုယ်တော်ချော(ဒေါ်လာငွေအရောင်းအ၀ယ်လုပ်တဲ့သူ)တွေက အကောင်းဆုံးမျက်နှာထားနဲ့ အချိုသာဆုံးပြုံးရင်းပေါ့ဗျာ...။ဒါနဲ့..ကျွန်တော်တို့ကို ..သူကမေးလေရဲ့.. ညီလေးတို့ဒေါ်လာလဲမလားပေါ့..။ ကျွန်တော်တို့ကလည်း ငွေလာမလဲခင်ကတည်းက.. ပေါက်ဈေးကိုအင်တာနက်မှာ ရှာထားတော့.. ငွေဈေးကို .. အကြမ်းအားဖြင့်သိတာပေါ့ဗျာ.။ဒါနဲ့. ကျွန်တော်ကမေးလိုက်တယ်.. ရောင်းဈေးနဲ့ဝယ်ဈေး..ဘယ်လောက်လဲပေါ့. .. ။ခြားနားချက်ကိုသိချင်တာကိုးဗျ။
ကိုယ်တော်ချောတွေက.. ပြောပါတယ်.... ဒေါ်လာလဲရင်.. ၆၄၀  ၊ မြန်မာငွေလဲရင်.. ၆၃၀   ပေါ့။ ကျွန်တော်လဲ.. ဘယ်ဆိုးမလဲပေါ့ ဟန်ကျပြီထင်တာကိုးဗျ။ဘာကြောင့်လဲ ဆိုရင် လွန်ခဲ့တယ် ၁ ပတ်လောက်က သူငယ်ချင်းတစ်ယောက်မြန်မာငွေလဲ ..တာ  စင်္ကာပူတစ်ဒေါ်လာ .. ၅၈၀ ကျပ်ပဲရတာလေ။ ဒါနဲ့..ဘယ်ပြောကောင်းမလဲ.. လဲတာပေါ့ဗျာ။  ကိုယ်တော်ချောတွေကလည်း..အုပ်စုနဲ့ဗျ.. တစ်ယောက်ထဲမဟုတ်ဘူး... အနည်းဆုံး ၇ ယောက်လောက်ရှိတယ်။ တစ်ချို့ကလဲ.. ပါလေရာငါးပိချက် .. အရိုးရရ.. အမြီးရရကောင်တွေပေါ့ဗျာ။ ဒီလိုနဲ့..ငွေစလဲတယ်ဆိုပါစို့...။ ကျွန်တော် က ဒေါ်လာ ၂၀၀ လောက်လဲမှာဆိုတော့...  မြန်မာငွေ ၁၂၆၀၀၀ ရမယ်ပေါ့ဗျာ။ သူတို့ကလဲ.. ကျွန်တော်ကို..မြန်မာငွေကိုအသေအချာရေပေးတဲ့ဗျ... ကျွန်တော်ကလဲ.. အသေအချာပြန်ရေဆိုတော့.. .. အရေအတွက်. ကတော့ကွက်တိပေါ့ဗျာ။.. ဒီလိုနဲ့.. ပြသာနာတက်မဲ့.. လမ်းကြောင်းကစပါလေရောဗျာ။
ဒီလိုဗျ... .. ကျွန်တော်ဘက်ကလည်း. မြန်မာငွေရပြီဆိုတော့.. ဒေါ်လာပြန်ပေးရတော့မှာလေ..။ဒေါ်လာ ၂၀၀ ပေးလိုက်ရင်..ဒီကိစ္စကအိုကေပြီလို့ထင်ထားတာကိုဗျ။ ဒါနဲ့.. ကျွန်တော်လဲ.. ဒေါ်လာ.. ၂၀၀ ထုတ်လဲပေးရော.. ကိုယ်တော်ချောတွေက.. စရစ်ပါလေရောဗျာ။.. ဘာတဲ့... ငါးဆယ်တန် . တစ်ရွက်က.. ထိပ်ကဖြူတယ်ဆိုလား..ညိုတဲ့ဆိုလား... အစင်းရာပါတဲ့ဆိုလား... စရစ်တာပေါ့ဗျာ.။ ကျွန်တော်ကလည်း.. စင်္ကာပူဘဏ်က... ထုတ်လာတာ.. အသစ်စက်စက်..သုံးတောင်မတောင်ရသေးဘူးလို့...ပေါ့။ ကိုယ်တော်ချောတို့ကလဲ... အင်တင်တင်နဲ့.. မလဲဘူးပေါ့ဗျာ..။ ဒီလိုနဲ့ ကျွန်တော်လက်ထဲက..မြန်မာငွေကို.. ပြန်ယူတာပေါ့ဗျာ။ကျွန်တော်က ဒါဆိုလဲ... တစ်ဒေါ်လာ.. ၆၂၀ ထားဗျာ။ ခင်ဗျာတို့ကလည်းရစ်စရာမရှိကြံဖန်ရစ်တယ်ပေါ့ဗျာပြောတော့.. သူတို့ကလည်းလဲမယ်ပေါ့.. ဆိုပြီးကျွန်တော်ကို ခုဏက. မြန်မာငွေကို.. ၂ ထောင်နုတ်ပြီးပြန်ပေးတာပေါ့ဗျာ..။ပြီးတော့.. .. ပါလေရာငပိချက်တွေက..အဖမ်းအဆီးရှိတယ်... အဖမ်းအဆီးရှိတယ်... ထားအော်ပါလေရော...ကျွန်တော်တို့လဲ... မြန်မာငွေယူပြီး.. ကိုယ်လမ်းကြောင်းကို.. လစ်တာပေါ့ဗျာ။ ၃၆ လမ်းနားလဲရောက်ရော... ပိုက်ဆံကိုပြန်ရေအကြည့်မှာ... ၂၀၀၀၀
ဗျာ... ရော့နေပါလေရောဗျာ...။စိတ်ကလည်းတော်တော် ညစ်သွားတယ်ခင်ဗျာ။ ဒီလိုနဲ့... ပြန်သွားပြီး ဒီကောင်တွေကို.. ပြန်ရှာ.. မယ်ပေါ့ဗျာ တွေ့လိုတွေ့ငြားပေါ့။..ဒီကောင်တွေက.. လူလည်ဗျ။ တစ်နေရာရာ..ဒိုးပြီးဆိုတာကာတော့.. ဗေဒင်မေးစရာမလိုပါဘူး..။ကျွန်တော်တို့လည်း... အဲဒီအနီးနားတစ်ဝိုက်ကလူတွေကို... .. inquire လုပ်တာပေါ့ဗျာ။ကျွန်တော်..စုံးစမ်းထားသလောက်ပေါ့ဗျာ... ကျွန်တော်ခံစားမိသလောက်ပြောရမယ်ဆိုရင်ဗျာ။
(၁)သတ်မှတ်ထားတဲ့ ပေါက်ဈေးဘောင်ကျော်ခဲ့ရင်... .(ဥပမာ..ပေါက်ဈေး.. ၅၈၀..ဒါပေမဲ့ သူတို့ပြောဈေး.. ၆၂၀)
(၂) ငွေရောင်းအ၀ယ်လုပ်တဲ့သူ... ၂ ယောက်ထက်ပိုခဲ့ရင်...
(၃)လက်ဖက်ရေဆိုင်.. (သို့) တစ်ဆိုင်ဆိုင်မှာ မလဲခဲ့ဘူးဆိုရင်
(၄)ငွေအရောင်းအ၀ယ်လုပ်သူရဲ့မျက်နှာထားဟာ... တည်ကြည်မှုပျက်ပြာနေခဲ့ရင်
(၅)မိမိရောင်းမယ့်..ဒေါ်လာကို.. အပြစ်အနာအဆာကို..ရှာကြံပြောပြီး.. အာရုံကိုပြောင်းအောင်လုပ်ခဲ့မယ်ဆိုရင်
(၆)ဒေါ်လာငွေကို.. ကိုယ်တိုင်ရေခွင့်မရှိခဲ့ဘူဆိုရင်(ဥပမာ..ဒေါ်လာ ၃၀၀ လဲမယ်ဆိုပါတော့ဗျာ.. .ဒေါ်လာကိုသူတို့ရှေ့မှာမိမိကိုယ်တိုင်တစ်ရွက်ချင်းရေခွင့်မရှိဘဲ.. ပေးလိုက်ရတယ်ပေါ့ဗျာ)
(၇)ငွေလဲမယ့်သူက.. မိမိတစ်ယောက်တည်းဖြစ်ခဲ့ရင်
(ဂ)ငွေအရောင်းအ၀ယ်လုပ်သူရဲ့ဖုန်းနံပါတ် မရှိခဲ့ဘူးဆိုရင် (သို့)အသိမိတ်ဆွေ(သို့)အရင်ကငွေလဲဖူးသူမဟုတ်ခဲ့ရင်
(၉)ငွေလဲပြီးနောက်... သူတို့ရှေ့မှာ..ငွေကိုနောက်တစ်ခါပြန်စစ်နိုင်ခွင့်မရှိခဲ့ဘူးဆိုရင်
(၁၀)အဖမ်းအဆီးရှိတယ်.. အဖမ်းဆီရှိတယ်လို့... တစ်စုံတစ်ယောက်က..ပြောသံကိုကြားရခဲ့ရင်
(၁၁)ငွေအရောင်းအ၀ယ် လုပ်တဲ့သူဟာ... တောက်တဲ့လိုနောက်ကတစ်ကောက်ကောက်လိုက်နေခဲ့မယ်ဆိုရင်
(၁၂)ငွေအရောင်းအ၀ယ် လုပ်သူဟာ.. သာမန်ထက်. အပိုစကားတွေပြောနေခဲ့မယ်ဆိုရင်

မယုံပါနဲ့... အလိမ်ခံရဖို့.. ရာခိုင်နှုန်းတော်တော်များပါတယ်..။
(နောက်မှဘဲ... သူတို့ဘယ်လိုဘယ်ပုံလိမ်တယ်ဆိုတာကတော့... နောက်ဆက်တွဲ..အနေနဲ့ချန်ထားပါစေအုံးဗျာ)

ခင်မင်စွာဖြင့်
အောင်ကျော်ဇင်မြင့်

Tuesday, September 13, 2011

ဗြိတိသျှနှင့်အမေရိကန်အသုံးအနှုန်းခြားနားချက်များ

“အမေရိကား(America) နှင့် ဗြိတိန် (Britain) တို့သည် ဘာသာစကားတစ်မျိုးတည်းက ခွဲခြားထားခြင်း ခံရသည့် နိုင်ငံနှစ်နိုင်ငံ ဖြစ်ပါတယ်။” လို့ George Bernard Shaw က ပြောခဲ့ဘူးပါတယ်။ တကယ်တော့ ခြားနားချက်တွေဟာ အတော်အတန်နည်းပြီး ယခုအခါ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာတွေ မြင့်မားလာသည်နှင့်အမျှ ပိုမိုနည်းပါးလာပါသည်။ ဒါပေမယ့် အရေးကြီးတဲ့ ကွာဟချက်တွေ ကတော့ ကျန်ရှိနေပါသေးတယ်။ ရှုပ်ထွေးခြင်း (သို့) နားလည်မှုလွဲခြင်းတွေ ဖြစ်နိုင်ခဲပေမယ့် တစ်သမတ်တည်း ရှိဖို့ကတော့ အရေးကြီးပါတယ်။

a)     I cashed his cheque.
b)     I cashed his check.
       သူ၏ ချက်လက်မှတ်တွေကို ငွေသားအဖြစ်လဲလိုက်သည်။

a)     They lived in a fourth floor flat.
b)     They lived in a fourth floor apartment.
        သူတို့သည် တိုက်ခန်းရဲ့ လေးလွှာမှာနေတယ်။

a)     He recently bought a new mobile phone.
b)     He recently bought a new cell phone.
       သူဟာမကြာခင်က လက်ကိုင်ဖုန်း အသစ်တစ်လုံးဝယ်ခဲ့တယ်။

a)     She met a colleague on the pavement outside the office.
b)     She met a colleague on the sidewalk outside the office.
        သူမသည် ရုံးအပြင်ဖက်မှာရှိတဲ့ လမ်းဘေးစင်္ကြံမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။

အထက်ပါဝါကျများထဲမှာ (a) ၀ါကျတွေဟာ ဗြိတိသျှများအသုံးပြုကြပြီး၊ (b) ၀ါကျတွေကတော့ အမေရိကန်များ အသုံးပြုကြပါတယ်။ အဘိဓါန်ကောင်းများတွင် ဒီလိုမတူညီမှုများကို   BrE (British English) နှင့် AmE (American English)ဆိုပြီး စာလုံးတိုများဖြင့် ခွဲခြားဖော်ပြလေ့ရှိပါတယ်။ ပထမဦးဆုံး စာကြောင်း (၂) ကြောင်းမှာပါတဲ့ စာလုံးပေါင်း ကွဲလွဲမှုမျိုးဟာ အများသိပြီးသား ဖြစ်ပါတယ်။

ကက်တလောက်လို အဓိပ္ပါယ်ရတဲ့ catalogue (BrE)/ Catalog (AmE)၊ ကဇာတ်ရုံ theatre (BrE)/theater (AmE)၊ အရောင် colour (BrE)/ color (AmE) တို့ဟာလဲ အများသိပြီးသားဖြစ်သည့် စာလုံးပေါင်းကွဲလွဲမှုများပဲ ဖြစ်ပါတယ်။ မော်တော်ကားလို့ အဓိပ္ပါယ်ရတဲ့ cars(BrE)/ automobiles(AmE) ဆိုတဲ့ ဝေါဟာရတွေနဲ့ ဆက်နွယ်နေတဲ့ တစ်ခြားဝေါဟာရတွေမှာတော့ စာလုံးပေါင်းကွဲလွဲတာမဟုတ်တော့ပဲ စာလုံးကို မတူတော့တာဖြစ်ပါတယ်။

Motorway (BrE)/ Freeway (AmE) - အမြန်လမ်းမကြီး
Gear-leaver (BrE)/ grear-shift (AmE) - ဂီယာတံ
Bonnet (BrE)/ hood (AmE) - မော်တော်ကား အင်ဂျင်စက် အဖုံး
Crossroads (BrE)/ intersection (AmE) - လမ်းဆုံ ဆိုတဲ့ ဝေါဟာရတွေကတော့ လူသိပိုများတဲ့ ကွဲလွဲချက်တွေပါပဲ။

သဒ္ဒါကွာဟချက်တွေကတော့ စကားပြောတဲ့အခါမှာ ပိုပြီး များများစားစား ရှိပါတယ်။ စီးပွားရေးလုပ်ငန်း အရ အပြန်အလှန်ဆက်သွယ်ကြတဲ့ စာတွေမှာ သိပ်မရှိလှပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာစံ ရှိနေလို့ပါပဲ၊ စကားပြောတဲ့အခါမှ ပိုပြီးတွေ့ရတတ်တဲ့ ကွာဟချက်များကို ဖော်ပြလိုက်ပါတယ်။

(a) ၀ါကျများကတော့ အမေရိကန် အင်္ဂလိပ်စာမှာ ပို၍အသုံးများတဲ့ အသုံးအနှုန်းများ ဖြစ်ပါတယ်။

a)     What did you do on the weekend?
b)     What did you do at the weekend?
        စနေ၊ တနင်္ဂနွေမှာဘာလုပ်ခဲ့လဲ?

a)      Hello, is this John?
b)      Hello, is that John?
         ဟယ်လို၊ ဒါ John လား?

a)     The office is open Tuesday through Saturday.
b)     The office is open Tuesday to Saturday.
        ရုံးခန်းဟာ အင်္ဂါနေ့မှ စနေနေ့အထိ ဖွင့်ပါတယ်။

a)     Your plane just landed.
b)     Your plane has just landed.
        သင့်လေယာဉ်ပျံ ယခုလေးတွင်ပဲ ဆိုက်ရောက်ပါတယ်။


နောက်ဆုံးဝါကျ ၂ခုကို ကြည့်ပါက ဗြိတိသျှ အင်္ဂလိပ်စာမှာ just ကို present perfect နဲ့ တွဲသုံးလေ့ရှိပြီး အမေရိကန် American အင်္ဂလိပ်စာမှာတော့ simple past နဲ့ တွဲသုံးလေ့ရှိတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။

ဒါနဲ့ ပြောရဦးမယ် - စာရေးသူရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်ကို ဦးနှောက်ခြောက်ပြီး စိတ်ရှုပ်သွားစေတဲ့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “I could murder a cuppa” ဆိုတာကတော့ ဗြိတိသျှ အင်္ဂလိပ်စကားရဲ့ ဘန်းစကား (slang) ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “I would love to have a cup of tea.” (လက်ဘက်ရည်တစ်ခွက်လောက်သောက်ချင်လိုက်တာ) ပဲဖြစ်ပါတယ်။

(Guy Perring ၏ Be Vocal အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
အထက်ပါ ဆောင်းပါးအားကူးယူ၍ အခြား website နှင့် blog များတွင် တင်မည်ဆိုပါက www.myanmar-network.net/forum/topics/i-could-murder-a-cuppa မှကူးယူကြောင်း ထည့်သွင်းဖော်ပြပေးပါရန်။

Monday, September 12, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

You and me both! (ငါလည်းအဲဒီလိုပဲ/ငါရောပဲ)


You say you and me both in an informal context when you agree with someone.
(You and me both! (ငါလည်းအဲဒီလိုပဲ/ငါရောပဲ) ကို တစ်စုံတစ်ယောက်နှင့် သဘောတူသည့်အခါတွင် အချင်းချင်း ရင်းနှီးသည့် အသုံးအနှုန်းအဖြစ် သုံးသည်။)  


  • ‘I like to spend my holidays somewhere sunny’
    (ငါ့ရဲ့အားလပ်ရက်တွေကို နေသာတဲ့ တစ်နေရာရာမှာ ကုန်ဆုံးချင်တယ်။)

    'You and me both!'

    (ငါရောပဲ!)

  • ‘I don't like flying.'
    (ငါလေယာဉ်ပျံ စီးရတာ မကြိုက်ဘူး။)

    'You and me both!’
    I'd far rather go by train
    (ငါရောပဲ)။ ဖြစ်နိုင်ရင် ရထားနဲ့ပဲသွားချင်တယ်။)

Guess what? (မထင်မိဘူးဟုတ်လား?)


You say guess what? when you want to tell someone something surprising or exciting:
(guesswhat?(မထင်မိဘူးဟုတ်လား?) ကို တစ်စုံတစ်ယောက်အား အံ့သြစရာကောင်းသော(သို့) စိတ်လှုပ်ရှားစရာ ကောင်းသော  အကြောင်းအရာ တစ်ခုခုကို ပြောရာတွင် အသုံးပြုပါသည်။)

  • Guess what?Jill and Pete are expectinga baby.
    (မထင်မိဘူးဟုတ်လား?။ ဂျေ(လ) (Jill) နဲ့ ပီတာ (Peter) တို့ ကလေးရတော့မယ်။)
  • Guess what? I've won a prize in a holiday competition. Would you like to come to Italy with me?
    (မထင်မိဘူးဟုတ်လား? အားလပ်ရက်ပြိုင်ပွဲတစ်ခုမှာ ငါဆုရထားတယ်။ မင်းငါနဲ့အတူတူ အီတလီလိုက်ချင်လား?)

You’ll never guess ကိုလည်း အလားတူ သုံးနိုင်ပါတယ်။

You’ll never guess what happened. I’ve got a part in a TV play.
(ဘာဖြစ်လာတယ်ဆိုတာမထင်မိဘူးဟုတ်လား? ။ ကျွန်တော် တီဗွီ (TV) အစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရလာတယ်။)

We've had it! (ပြဿနာတက်ပြီ!)


You say we've (or I've, you've, he's, etc) had it! when someone is likely to be in trouble or danger or to experience something unpleasant.
(we've (or I've, you've, he's, etc) had it! (ပြဿနာတက်ပြ!ီ)ကို တစ်စုံတစ်ယောက် ဒုက္ခရောက်တော့မယ်ဆိုရင် (သို့) အန္တရာယ်ကြုံတွေ့ရတောမယ်ဆိုရင် (သို့) မနှစ်သက်စရာတစ်ခုခုကို ရင်ဆိုင်ရတော့မယ်ဆိုရင် ပြောတတ်ပါတယ်။

  • We've had it!The teacher's found out thatwe've been playing truant!
    (ငါတို့တော့ ပြဿနာတက်ပြီ! ငါတို့ကျောင်းပြေးတာ ဆရာသိသွားပြီ။)
  • You've had it! Mum knows that you stayed out all night!
    (မင်းတော့ ပြဿနာတက်ပြီ! အပြင်မှာတစ်ညလုံးမင်းနေနေတယ်ဆိုတာ အမေသိသွားပြီ။)

Not likely!  (မဖြစ်နိုင်ပါဘူး/လုံးဝပဲ)


You say not likely! to mean that you definitely will not do something: (not likely (မဖြစ်နိုင်ပါဘူ/လုံးဝပဲ) သည် တစ်စုံတစ်ခုကို လုံးဝ လုပ်လိမ့်မည်မဟုတ် ဟု အဓိပ္ပါယ်ရသည်)

  • 'Are you going to study medicine like yourfather?'
    (မင်းအဖေလိုပဲ ဆေးပညာသင်မှာလား?)

    Not likely!
    I get sick at the sight of blood.'
    (လုံးဝပဲ!ငါက သွေးမြင်တာနဲ့ကို ဖျားချင်လာတာ။)
  • 'Are you going to go on holiday with your parents?'
    (အားလပ်ရက်မှာ မိဘတွေနဲ့အတူ လျှောက်လည်မှာလား?)

    'Not likely!
    I'm going camping with some friends.'
    (လုံးဝပဲ! သူငယ်ချင်းတွေနဲ့ပဲ တောစခန်း ထွက်မှာ။)

I'm out of here! (ငါသွားတော့မယ်)


You say I'm out of here! in an informal context when you are leaving somewhere quickly for some reason:
(I’m out of here! (ငါသွားတော့မယ်) ကို တစ်နေရာရာမှ အကြောင်းကိစ္စတစ်ခုခုကြောင့် အလျင်အမြန်သွားရတဲ့အခါ အချင်းချင်းရင်းနှီးသော အသုံးအနှုန်းအဖြစ်သုံးသည်)

  • Is it 8 o'clock already? I'm outof here!I'm late for work!
    (၈နာရီတောင် ထိုးသွားပြီလား?။ ငါသွားတော့မယ်! ငါအလုပ် နောက်ကျနေပြီ။)
  • Dad's just found out that I damaged hiscar. I'm out of here!
    (အဖေ့ကားကို ငါ ထိခိုက်အောင်လုပ်လိုက်တာ အဖေသိသွားပြီ။ ငါသွားတော့မယ်!)

Friday, September 9, 2011

ချစ်ခြင်းမေတ္တာ "Copy--- Paste"

အိမ်ရောက်တာနဲ့ "ထမင်းဆာလိုက်တာ... ထမင်းမကျက်သေးဘူးလား" လို့ အော်တတ်တဲ့သူဟာ သားသမီးပါ။ အိမ်ရောက်တာနဲ့ အဝတ်အစားတောင်မလဲဘဲ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်ပြုပ်တာ အမေပါ။

"ထမင်းက ပူလိုက်တာ၊ ဟင်းက ငန်လိုက်တာ" လို့ ညည်းတွားတတ်သူဟာ သားသမီးပါ။
အသီးအရွက်လေးပဲဖြစ်ဖြစ် ရှိတာလေးနဲ့ အရသာရှိရှိ ကြိုးစားချက်ပြုပ်တာ အမေပါ။

အမြဲတမ်း ပိုက်ဆုံလိုပြီလို့ လက်ဖြန့်တောင်း၊ မပေးပြန်တော့လည်း စိတ်တိုစိတ်ကောက်တတ်သူဟာ သားသမီးပါ။ ချွေတာမျှသုံး ဘာမဆို အသေးစိတ်တွက်ချက်လို့ သားသမီးပညာရေးအတွက်ဆိုရင် တွန့်တိုနှမြောခြင်းမရှိတာ အမေပါ။

မနက်အိပ်ရာထရမှာပျင်းတဲ့အပြင် ဟိုဟာဒီဟာ ညည်းတွားကျီး(ချေး)များတတ်တာ သားသမီးပါ။ ညဥ့်နက်မှအိပ်ရာဝင် မိုးလင်းရင်စောစောထလို့ မနက်စာပြင်ဆင်တာ အမေပါ။

အိမ်စာများတယ်၊ ကျောင်းသွားရတာ မောတယ်လို့ ညည်းတွားတတ်တာ သားသမီးပါ။ အဝတ်လျှော်၊ ထမင်းချက် တစ်နေကုန် အလုပ်ပင်ပင်ပန်းပန်းလုပ်တာတောင် မညည်းတွားတဲ့အပြင် ညအခါ သားသမီးနဲ့အတူ စာကျက်ဖော်လုပ်တာ အမေပါ။

တခြားလူချမ်းသာတာကို အားကျပြီး ကိုယ့်အိမ်ဆင်းရဲကြောင်းကို အပြစ်ဆိုတတ်တာ သားသမီးပါ။ အလုပ်မရှိရင် အငြိမ်မနေတတ် မနက်မိုးလင်းက မိုးချုပ်အထိအလုပ်လုပ် ငွေရှာတာ အမေပါ။

ကိုယ့်မိသားစုမွေးနေ့ကို မမှတ်မိ၊ ကိုယ့်သူငယ်ချင်းမွေးနေ့ရောက်ရင် မနက်စောစော လက်ဖြန့်ငွေတောင်း လက်ဆောင်ဝယ်ပေးတတ်တာ သားသမီးပါ။ ကိုယ့်မွေးနေ့ကိုမေ့ပြီး မိသားစု၊ သားသမီးတွေရဲ့မွေးနေ့ကို လက်ဆောင်တွေနဲ့ ပြင်ဆင်ပေးတတ်တာ အမေပါ။

အပြင်မှာ စိတ်ညစ်တာကြုံခဲ့ရင် အိမ်မှာမပြတ်ညည်းတွားပြပြီး ကိုယ်ချင်းစာစိတ်၊ နှစ်သိမ့်စိတ်ကို တောင်းဆိုတတ်တာ သားသမီးပါ။ အပြင်မှာ ဘယ်လောက်ပဲ စိတ်ညစ်တာကြုံခဲ့ကြုံခဲ့ အိမ်ပြန်ရောက်ရင် အတတ်နိုင်ဆုံးပြုံးရွှင်နေတတ်တာ အမေပါ။

စိတ်ညစ်၊ စိတ်တိုရင်ပေါက်ကွဲ၊ စိတ်ရှုပ်ရင်ညည်းတွားလို့ အိမ်ကို ခံစားချက်တွေပေါက်ကွဲရာနေရာလို့ သတ်မှတ်တတ်တာ သားသမီးပါ။ စိတ်ညစ်၊ စိတ်ရှုပ်တာတွေကို ရင်မှာမြိုသိမ့် ကိုယ့်ရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေ မိသားစုကို ကူးစက်သွားမှာစိုးတာ အမေပါ။

ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက်နဲ့ မအားဘူးလို့အကြောင်းပြ အိမ်ကိုဖုန်းအဆက်နည်းတာ သားသမီးပါ။ ဖုန်းထဲမှာ နေကောင်းလား! စားဝလား! လို့စိတ်ပူ သားသမီးတွေကို အမြဲလွမ်းဆွတ်စိတ်ပူတတ်တာ အမေပါ။

အိမ်ကစုဆောင်းထားတာတွေ ခဏ"ချေးငှား"ပြီး အိမ်ကြီးအိမ်ကောင်းနဲ့ သက်တောင့်သက်သာနေတာ သားသမီးပါ။ တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ် အခုချိန်ထိ အိမ်အိုအိမ်ဟောင်းလေးနဲ့နေတာ အမေပါ။

အားလပ်ရက်တွေကို သူငယ်ချင်းတွေနဲ့ပျော်ပါး အိမ်ပြန်ဖို့မေ့နေတတ်တာ သားသမီးပါ။ သားသမီးတွေကို ခဏလေးပဲမြင်ရမြင်ရ မြင်ရတဲ့တခဏမှာ စိတ်ပျော်ရွှင်ချမ်းမြေ့နေတတ်တာ အမေပါ။

မိန်းမရ၊ ယောက်ျားရရင် မိဘကိုမေ့တတ်တာ သားသမီးပါ။
သားသမီးအတွက် တစ်သက်စိတ်ပူရုံမက မြေးတွေကိုပါ စိတ်ပူထိန်းကျောင်းပေးတတ်တာ အမေပါ။

ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ဖျားမှာချိတ်ဆွဲ၊ လက်တွေ့မှာ လှုပ်ရှားမှုမပြတတ်တာ သားသမီးပါ။ ချစ်ခြင်းမေတ္တာဆိုတာကို ပါးစပ်ထဲက လုံးဝထုတ်မပြောလည်း သားသမီးအပေါ် အချစ်တွေအမြဲကျဲဖြန့်တတ်တာ အမေပါ။


ချစ်ခြင်းမေတ္တာက အဲဒီလိုနည်းနည်းလေးတော့ အမြဲလွဲနေခဲ့ပါတယ်။ ဒါဟာ မိဘနဲ့သားသမီးကြားက ခြားနားချက်လေးပါ။ သားသမီးတွေ တဖြေးဖြေးကြီးပြင်းပြီး မိဘနေရာကို ရောက်လာချိန်ကျမှ ချစ်ခြင်းမေတ္တာရဲ့ တကယ့်အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်လာပါလိမ့်မယ်။ ပြီးတော့ အဲဒီချစ်ခြင်းမေတ္တာတွေကို ဘဝရဲ့အမှတ်တရအဖြစ် သိုလှောင်လာပါလိမ့်မယ်။ အခုအချိန်မှာ ကျွန်မတို့က အဲဒီချစ်ခြင်းမေတ္တာကို " Copy----- Paste" အကြိမ်ကြိမ်လုပ်ဖို့ပဲ ပိုလိုအပ်နေပါတယ်။ ဒါမှ မိဘတွေကို ပျော်ရွှင်ချမ်းမြေ့စေမယ့် ခံစားမှုတွေကို ကျွန်မတို့ပေးနိုင်ပါလိမ့်မယ်။

***** "အမေ"ဆိုတဲ့နေရာမှာ "မိဘ" လို့ ဖြည့်ဖတ်နိုင်ပါတယ်။

မူရင်း--- http://www.jj59.com/jingpinwenzhang/0100450.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Thursday, September 8, 2011

Myanmar Network အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်း (Motivation in the Workplace from Learn English Website) Read more: အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်း (Motivation in the Workplace from Learn English Website) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A392673&xgs=1&xg_source=msg_share_topic#ixzz1XQOsROs8

MP3 အသံဖိုင်၊ မူရင်းဆောင်းပါးနှင့် လေ့ကျင့်ခန်းများကို British Council Learn English website (http http://learnenglish.britishcouncil.org/en/professionals-podcasts/mo...) တွင် သွားရောက်လေ့လာနိုင်ပါသည်။  

စီစဉ်ခန့်ခွဲမှုပညာ ပါမောက္ခတစ်ဦးနှင့် အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်းအကြောင်း တွေ့ဆုံမေးမြန်ထားတာကို နားထောင်ကြည့်ပါ။


မေး။       ။ မန်နေဂျာတစ်ယောက်အတွက် အလုပ်ခွင်မှာ စိတ်လှုံ့ဆော်ရတာ ဘယ်လောက်အရေးကြီးပါသလဲ။
ပါမောက္ခ။ အိုဗျာ။ စိတ်ကိုလှုံ့ဆော်တယ်ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ မန်နေဂျာတစ်ယောက်ရဲ့ အလုပ်မှာ အရေးအကြီးဆုံးအချက်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ဘယ်အလုပ်မျိုးပဲဖြစ်ဖြစ်၊ မန်နေဂျာတစ်ယောက်ရဲ့ တာဝန် ကတော့ အလုပ်ပြီးဖို့ပါပဲ။ ဒါကြောင့် မန်နေဂျာတစ်ယောက်ဟာ အလုပ်သမားတွေရဲ့စိတ်ကို လှုံ့ဆော်ဖို့လိုပါတယ်။ အဖွဲ့အနေနဲ့လဲ လှုံ့ဆော်ရမယ်။ တစ်ဦးချင်းစီအနေနဲ့လဲ လှုံ့ဆော်ရမယ်။ စိတ်ပါအောင် မစွဲဆောင်နိုင်ဘူးဆိုရင် အလုပ်ပြီးမှာ မဟုတ်ဘူး။


မေး။       ။ မန်နေဂျာတွေအနေနဲ့ ဒီလိုစွဲဆောင်တာတွေကို ဘယ်လိုများလုပ်နေကြသလဲ။ သိပ်တော့လွယ်မယ့်ပုံ မဟုတ်ဘူး။
ပါမောက္ခ။ ဟုတ်ပါတယ်။ ဒါကသိမ်မွေ့နက်နဲတဲ့ကိစ္စပါ။ ဒါပေမယ့် မန်နေဂျာတွေဆီမှာ နည်းလမ်းကောင်းတွေရှိပါ တယ်။ ဒီနည်းလမ်းကောင်းတွေကို သင်ထားပြီးတော့ စိတ်ပါအောင် လှုံ့ဆော်တယ်။ ပြီးတော့ ထုတ်လုပ်မှုကို အမြင့် ဆုံးရအောင် လုပ်တယ်။


မေး။       ။ နည်းလမ်းကောင်းတွေဆိုတာ ဘာတွေလဲ။
ပါမောက္ခ။ ဟုတ်တယ်။ နည်းလမ်းကောင်းဆိုတာက ချီးကျူးစကားပြောတာပါတယ်။ ဆက်လုပ်လို့ပြောတာပါတယ်။ လုပ်ထားတဲ့အလုပ်ကို အသိအမှတ်ပြုတာလဲ ပါတယ်။ ပြီးတော့ နည်းလမ်းကောင်းထဲမှာ ယုံကြည်မှုရှိတယ်ဆိုတာလဲ ပါတယ်။ ဘာတွေမျှော်လင့်တယ်ဆိုတဲ့ အချက်ပါတယ်။ ဒီအချက်တွေက အလုပ်သမားတွေအတွက် အရေးကြီးတဲ့ အချက်တွေပါ။

မေး။       ။ ပိုက်ဆံကကော။ ပိုက်ဆံကို ဘယ်လိုသဘောထားမလဲ။
ပါမောက္ခ။ ဟုတ်ပါတယ်။ ပိုက်ဆံဆိုတာကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် နည်းလမ်းကောင်းကို စာရင်းလုပ် လိုက်ရင် ပိုက်ဆံက နောက်ဆုံးနေရာက လိုက်တယ်။


မေး။       ။ ပိုက်ဆံရဲ့ရှေ့မှာ ဘယ်နည်းလမ်းတွေက နည်းလမ်းကောင်းတွေလဲ။ ဘယ်အချက်တွေက အလုပ်သမား တွေအတွက် ပိုပြီးအရေးကြီးသလဲ။
ပါမောက္ခ။ ဟုတ်ပါတယ်။ ကျွန်တော်ပြောပြခဲ့တဲ့အချက်တွေက အရေးကြီးပါတယ်။ ပြီးတော့အလုပ်ကို တန်ဘိုးတက် အောင်လုပ်တာလဲ ပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်ကြား ဆက်သွယ်ရေးကောင်းအောင် လုပ်တာလဲပါတယ်။


မေး။       ။ ပါမောက္ခကြီးပြောနေတဲ့ အချက်တွေကို သက်သေပြနိုင်တဲ့ နမူနာတွေလက်တွေ့ ရှင်းပြပါလား။
ပါမောက္ခ။ သိပ်ကောင်းတဲ့နမူနာတစ်ခုကတော့ ၀က်စ်တန်အလက်ထရစ်ကုမ္ပဏီပဲ။ မန်နေဂျာတွေဟာ အလုပ်သမား တွေအပေါ် အရေးတစ်ယူလုပ်လာတဲ့အချိန်ကစပြီး ထုတ်လုပ်မှုတွေ အရမ်းတက်လာတယ်။ မန်နေဂျာတွေဟာ အလုပ် သမားတွေကို ပြောပြောဆိုဆိုရှိလာတယ်။ ဆုံးဖြတ်ချက်တွေချရမယ့် ကိစ္စတွေမှာ ပါဝင်ကြဖို့ကိုလဲ အားပေးတယ်။ ဒီတော့ ငါတို့အလုပ်တွေဟာ အရေးကြီးပါလားလို့ ခံစားမိလာကြတယ်။ ဒီတော့ အလုပ်ဖြစ်တာပေါ့။

မေး။       ။ ထုတ်လုပ်မှုတွေကော တက်လာသလား။
ပါမောက္ခ။ ဟုတ်ပါတယ်။ ဆွီဒင်ကုမ္ပဏီ ကိုချွန်း ဆိုရင်လဲ နမူနာပြလို့ရပါတယ်။ အဲဒီကုမ္ပဏီက ပျက်မလိုတောင်ဖြစ် သွားတယ်။ အဲဒီအချိန်မှာ မန်နေဂျာတွေက ဆုံးဖြတ်ချက်အသစ်ချပြီး လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်။


မေး။       ။ သူတို့ ဘယ်လိုလုပ်ကြသလဲ။
ပါမောက္ခ။ ပြောမယ်ဆိုရင်တော့ အလုပ်သမားတွေအပေါ်မှာထားတဲ့ သဘောထားကို ပြောင်းလဲလိုက်တာပါပဲ။ မန်နေဂျာတွေဟာ အမိန့်ပေးခိုင်းတဲ့ အလုပ်ကို ရပ်လိုက်ကြတယ်။ အမိန့်ပေးခိုင်းတဲ့နေရာမှာ စည်းရုံးလှုံ့ဆော် လာတယ်။

မေး။       ။ အဲဒီနည်းလမ်းက အလုပ်ဖြစ်သလား။
ပါမောက္ခ။ တကယ်အလုပ်ဖြစ်တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ 15 သန်း ရှုံးနေရာက ဆယ်နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း 100 ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။

မေး။       ။ ကောင်းပါပြီဗျာ။ တည့်တည့်ပဲ မေးပါရစေ။ ပါမောက္ခကြီးပြောနေတာက အလုပ်သမားတွေဟာ ငွေကို စိတ်မ၀င်စားဘူးလို့ ပြောနေတာလား။
ပါမောက္ခ။ ကျွန်တော်ပြောနေတာက အလုပ်သမားတွေဟာ ငွေတစ်ခုတည်းကို စိတ်ဝင်စားတာ မဟုတ်ဘူးလို့ ပြောတာပါ။ ဒီအချက်က အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ဘ၀မှာ ပျော်ရွှင်ဖို့အတွက် အဆင့်တစ်ခုကို ရောက်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်တော်အရင်က ပြောခဲ့သလို တစ်ခြားအရေးကြီးတဲ့ အချက်တွေရှိနေပါတယ်။ ချီးကျူးစကား တွေ၊ ဆက်လုပ်လို့ပြောတဲ့စကားတွေ၊ အသိအမှတ်ပြုတဲ့စကားလုံးတွေ၊ ယုံကြည်မှုတွေ၊ မျှော်လင့်ချက်တွေ၊ အလုပ်ကို တန်ဘိုးထားတတ်အောင် အားပေးတဲ့စကားတွေ၊ ပြီးတော့ အပြန်အလှန်ဆက်သွယ်ရေး နည်းလမ်းကောင်းတွေဟာ အရေးကြီးတဲ့အချက်တွေပါ။

MP3 အသံဖိုင်၊ မူရင်းဆောင်းပါးနှင့် လေ့ကျင့်ခန်းများကို British Council Learn English website (http http://learnenglish.britishcouncil.org/en/professionals-podcasts/mo...) တွင် သွားရောက်လေ့လာနိုင်ပါသည်။

Read more: အလုပ်ခွင်တွင်စိတ်ပါအောင် ဆွဲဆောင်ခြင်း (Motivation in the Workplace from Learn English Website) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A392673&xgs=1&xg_source=msg_share_topic#ixzz1XQOjwCYS