Menu

Popular Posts

Monday, July 18, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

Heaven knows (ဘုရားမှ သိမယ်။)


မသိဘူးလို့ အလေးအနက် ပြောချင်ရင် heaven knows ကို သုံးနိုင်တယ်။

  • 'Why has Anne changed her mind about marrying Jack?'
    'Heaven knows! She hasn't even given Jack a reason.'
    အန်းက ဂျက်ကို ဘာဖြစ်လို့ လက်မထပ်တော့ဘဲ စိတ်ပြောင်းသွားတာလဲ။
    ဘုရားမှ သိမယ်။ ဂျက်ကိုတောင် ဘာကြောင့်ဆိုတာ မပြောဘူး။
  • Heaven knows why Jim and Lucy bought a dog. The poor animal’s in the house on its own all day. ဂျင်မ်နဲ့ လူစီ ခွေးဘာဖြစ်လို့ ၀ယ်မွေးသလဲ ဘုရားမှ သိမှာဘဲ၊ ခွေးလေးခမျာ တစ်နေ့လုံး အိမ်ထဲမှာ တစ်ကောင်ထဲ။

Goodness knows ကို အလားတူ သုံးနိုင်တယ်။

  • Goodness knows where I put my purse. I can't find it anywhere.
    ပိုက်ဆံအိတ် ဘယ်မှာ ထားမိလဲ မသိတော့ဘူး။ ဘယ်မှာမှ ရှာလို့ မတွေ့ဘူး။
  • Goodness knows what she is up to. She hasn't said a word to anyone the whole day. သူဘာလုပ်မလို့လဲ ဘုရားမှသိမယ်၊ တစ်နေ့လုံး ဘယ်သူ့ကိုမှ စကား တစ်ခွန်းတစ်လေတောင် မပြောဘူး။

Talk about...! … (တဲ့အကြောင်း ပြောရအုံးမယ်။)

အလေးအနက်ပြောတာလို့ သိစေချင်ရင် talk about...! နဲ့ အစပျိုးနိုင်တယ်။

  • Talk about rich! James is one of the wealthiest men in New York. ချမ်းသာတဲ့အကြောင်း ပြောရအုံးမယ်။ ဂျိမ်းစ်က နယူးယောက်မှာ အချမ်းသာဆုံးသူဌေးတွေထဲမှာ ပါတယ်။
  • Talk about stupid! My new assistant can't get anything right. တုံးတဲ့အတဲ့အကြောင်း ပြောရအုံးမယ်။ ကျွန်တော့် လက်ထောက်အသစ်က ဘာတစ်ခုမှ အပေါက်တည့်အောင် မလုပ်တတ်ဘူး။

There is nothing to touch (ဘာကမှ လိုက်မမီ၊ ပြိုင်စံရှားဘဲ။)

အကောင်းဆုံးဘဲ၊ အကြိုက်ဆုံးဘဲလို့ ပြောချင်ရင် there is nothing to touch ကို သုံးနိုင်တယ်။

  • There is nothing to touch my mum's cooking. အမေချက်တဲ့ဟင်းကို ဘယ်ဟင်းမှ မမီနိုင်ဘူး။
  • There is nothing to touch a glass of chilled white wine on a really hot day. အင်မတန်ပူတဲ့ နေ့မှာ ရေခဲစိမ် ၀ိုင်ဖြူတစ်ခွက် သောက်ရတဲ့ အရသာကို ဘယ်အရသာကမှ လိုက်မမီဘူး။

What about it? (ဘယ်လိုသဘောရလဲ။ ဘယ့်နဲ့လဲ။)

ကမ်းလှမ်းချက်၊ အကြံပြုချက် တစ်ခုခုကို သဘောတူရဲ့လားလို့ အလွတ်သဘော မေးချင်ရင် what about it? လို့ မေးနိုင်တယ်။

  • We'd like to offer you the job of manager. What about it? မန်နေဂျာ အလုပ်ကို ကမ်းလှမ်းချင်ပါတယ်။ လုပ်မှာလား
  • I'll give you $10,000 for your car. What about it? မင်းရဲ့ ကား ရောင်းမယ်ဆိုရင် ဒေါ်လာ တစ်သောင်းမေးမယ်။ ရောင်းမလား။


Click "Like" if you want to see more posts like this. Thanks.

Friday, July 15, 2011

G talk မှာ မိမိ အမည်မကျန်အောင် လုပ်တဲ့နည်း


...ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများပါတယ် ။   အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်    ခဲ့စေအောင်သုံးတဲ့နည်းလေးပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင်  မိမိရဲ.ရှေကဘယ်သူတွေ Gtalk၀င်သွားလဲ၊   သူတို.ရဲ. Gmail Addressတွေက ဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။      နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ GmailAddressကိုသူများ မသိအောင် ဘယ်လိုဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့  စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။
    (သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
     Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။
     ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။
     တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၇။  Account နှိပ်ပါ။
     G-mail Address များကိုတွေ.ရပါလိမ့်မည်။
     အကယ်လို.မိမိ G-talk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိG-mail Addressနာမည်
     ပေါ်နေပါလိမ့်မည်။
     ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
     Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right
     ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။


နောက်တစ်နည်း ရှိပါတယ်သေးတယ်.

၁။ G talk မှာ sing out ထွက်ပြီးတာနဲ့... log in address ကို ဖျက်လိုက်ပါ.... ပြီးရင် G talk box ကိုပိတ်လိုက်ပါ....
၂။ ပိတ်ပြီးတာနဲ့ Desktop screen ရဲ့ညာဘက်ထောင့်မှာ G-talk icon ပုံလေးပေါ်ကို right click နှိပ်ပြီး exit နဲ့ ထွက်လိုက်ပါ....
ဒါဆိုရင်ပြီးပါပြီ။


မိမိ Block ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete လုပ်နည်း

Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင် မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင် သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါတယ်။

ပထမဦးဆုံး Gmail ကို ဖွင့်ပါး။ ပြီးရင် Contacts ကို ရှာပြီး Click နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။ တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့ Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည် ကျန်ရှိတော့မည် မဟုတ်တော့ပါ။
http://multiplygroups.multiply.com/journal/item/634  မှာလည်း သွားရောက် ဖတ်ယူလို့ရပါတယ်။

Sunday, July 10, 2011

အိပ်စက်ပုံကို ကြည့်ပြီး လူကဲခတ်ခြင်း အပါအ၀င် အိပ်စက်ခြင်း အကြောင်း ကျွန်တော်တို့ မသိသေးသော အချက်များ

အိပ်စက်ခြင်းဟာ လူသားတွေ အတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတာ အထူးပြောနေစရာ မလိုလောက်အောင် သေချာပါတယ်။ လူသားအပါအ၀င် နို့တိုက်သတ္တ၀ါ အားလုံး၊ ငှက်များ၊ တွားသွားသတ္တ၀ါ အများစု၊ ရေနေကုန်းနေ သတ္တ၀ါများနဲ့ ငါးတွေဟာ အသက်ရှင်ရေး လုပ်ငန်းတာဝန်များကို ဆက်လက်ပြီး ပုံမှန် လုပ်ဆောင်နိုင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အိပ်စက်နားနေမှုနဲ့ ပတ်သက်ပြီး ဆေးပညာရှင်များ၊ ဇီဝဗေဒပညာရှင်များက ကမ္ဘာတစ်ဝန်း လေ့လာ တွေ့ရှိထားတဲ့ အချက် ၁၅ ချက် ဖြစ်ပါတယ်။


(၁) အိပ်ပျော်နေတုန်း ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်း အတော်များများဟာ အနားယူ အားဖြည့်ကြပါတယ်။ ခန္ဓာကိုယ် အနှံ့မှာ ရှိတဲ့ ဆဲလ်တွေက သူတို့ကိုယ် သူတို့ ပြုပြင် တည်ဆောက်ကြပါတယ်။ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တဲ့ ညမှာ ကျွန်တော်တို့ဟာ ဒီအခွင့်အရေးတွေကို မရတဲ့အတွက် ရက်ဆက် အိပ်ရေးပျက်တာတွေ များလာရင် နေလို့ ထိုင်လို့ မကောင်းတော့ ပါဘူး။





(၂) လူသားတွေ ပုံမှန် ကျန်းမာဖွံ့ဖြိုးပြီး ဦးနှောက် ဖွံ့ဖြိုးနေစေဖို့ နေ့စဉ် အနည်းဆုံး လိုအပ်တဲ့ အိပ်ချိန်နာရီတွေဟာ အသက်အရွယ်ကို လိုက်ပြီး အနည်းအများ ကွာခြားပါတယ်။ အသက်ကြီးလေလေ အိပ်ဖို့ အချိန် အများကြီး မလိုလေ ဖြစ်ပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ အတွက် တစ်နေ့ကို ၁၆ နာရီ၊ ၃ နှစ်ကနေ ၁၂ နှစ်အတွက် ၁၀ နာရီ၊ ၁၃ နှစ်ကနေ ၁၈ နှစ်ကြားဆိုရင် ၁၀ နာရီ၊ ၁၉ နှစ်ကနေ ၅၅ နှစ်ကြားဆိုရင် ၈ နာရီနဲ့ အသက် ၆၅ နှစ်အထက် လူကြီးများဆိုရင်တော့ ၆ နာရီသာ အနည်းဆုံး လိုအပ်ကြောင်း တွေ့ရှိရပါတယ်။


(၃) အမျိုးသားတွေ မက်တဲ့ အိပ်မက်တွေရဲ့ ၇၀% ဟာ အမျိုးသားတွေအကြောင်း (သို့) အမျိုးသားတွေပဲ ပါလေ့ရှိပြီး အမျိုးသမီးတွေကတော့ သူတို့ရဲ့ အိပ်မက်တွေထဲမှာ အမျိုးသားတွေကော အမျိုးသမီးတွေပါ ညီတူမျှတူ ပါဝင်လေ့ ရှိပါသတဲ့။


(၄) ကျွန်တော်တို့ဟာ အိပ်မက်ထဲမှာ ဘ၀တလျောက် မြင်ဖူးခဲ့ မျက်နှာပုံစံတွေကိုပဲ မြင်မက်ကြတာ ဖြစ်ပါတယ်။ မမြင်ဖူး မတွေ့ဖူးဘူးလို့ ထင်ရင် မှားပါတယ်တဲ့။ အဲလိုထင်တာဟာ ကောင်းကောင်း မမှတ်မိလို့သာ ဖြစ်ပါတယ်လို့ ပညာရှင်များက တွေ့ရှိ အတည်ပြုထား ပါတယ်။





(၅) လူတစ်ယောက်ဟာ အိပ်မောကျနေရင်း လမ်းထလျှောက်တာ၊ အိမ်အလုပ်တွေ ထလုပ်တာ၊ ကားမောင်းထွက်သွားတာ စတာတွေ ကြားဖူးပါလိမ့်မယ်။ ဒါဟာ အတော်လေး ပြဿနာရှိတဲ့ အိပ်စက်ခြင်းဆိုင်ရာ ရောဂါတစ်ခု (Sleep Disorder) တစ်ခု ဖြစ်ပြီး မကုသဘဲ ထားရင်၊ အတူနေသူတွေက ဂရုပြု ထိန်းသိမ်းပေးခြင်း မလုပ်ရင် အိပ်ပျော်နေရင်း ကားမောင်းကာ ယာဉ်မတော်တဆ ဖြစ်ခြင်း၊ မိမိအတွက် အကျိုးမဲ့သော စာများ ရေးသားမိခြင်း (ဥပမာ ချက်လက်မှတ်ကို ရေး၍ လက်မှတ်ထိုးမိခြင်း၊ မြိုသိပ်ထားတဲ့ မကျေနပ်သော ကိစ္စများကို ချရေးမိခြင်း စသည်) ကနေ ကလေးသူငယ်များ အပေါ် လိင်အကြမ်းဖက်မှု၊ မုဒိန်းမှုကနေ လူသတ်မှုအထိ ဖြစ်ဖူးခဲ့တဲ့ မှုခင်း မှတ်တမ်းများ ရှိခဲ့ဖူးပါတယ်။


(၆) ကမ္ဘာ့လူဦးရေ အားလုံးရဲ့ ၁၂% ဟာ အိပ်မက်မက်ရင် အဖြူနဲ့အမည်း နှစ်ရောင်တည်းနဲ့ပဲ (ခေတ်ဟောင်း ရုပ်မြင်သံကြားစက်လိုမျိုး) မက်တတ်ကြပါတယ်တဲ့။ ဒါပေမဲ့ ရောင်စုံရုပ်မြင်သံကြားစက်တွေ ပေါ်လာပြီး နောက်ပိုင်း အရောင်နဲ့ အိပ်မက်မက်သူတွေ ပိုများလာကြပြီး အဆိုပါ ကိန်းဂဏန်းဟာ အတော်လေး လျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။





(၇) အိပ်မက်တွေ များများမက်တဲ့သူ၊ ပုံမှန်လောက်ပဲ မက်တဲ့သူ၊ အမက်နည်းတဲ့သူရယ်လို့ အကြမ်းဖျဉ်း ခွဲခြားနိုင်ပြီး သုံးမျိုးစလုံးဟာ ပုံမှန်ပဲလို့ ပညာရှင်များက ဆိုပါတယ်။ ဆိုလိုရင်းက အိပ်မက်မက်ခြင်းဟာ ပုံမှန် အခြေအနေ တစ်ရပ်ဖြစ်ပြီး အိပ်မက် မမက်ခြင်းကသာ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထား ပုံမှန်မဟုတ်မှုများ (Personality Disorders) ရှိနေနိုင်တယ်လို့ ဖြစ်ပါတယ်။ (သို့သော်လည်း အိပ်မက်များဟာ အ၀ိဇ္ဖာနဲ့ တဏှာရှိနေသူ ပုထုဇဉ်များရဲ့ ဥပါဒါန်အစွဲအလမ်းကြောင့် မြင်ဖက်ရတာ ဖြစ်ပြီး အရဟတ္တမဂ်ဖိုလ် ဆိုက်ရောက်ရရှိသွားတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ စတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသူများဟာလည်း အိပ်မက်မြင်မက်ခြင်း မရှိတော့ဘူးလို့ လေ့လာမှတ်သားဖူးပါတယ်)


(၈) လူတစ်ယောက် အိပ်စက်နေစဉ် ခန္ဓာကိုယ် အနေအထားကို ကြည့်ပြီးတော့ ဒီလူဟာ ဘယ်လို စိတ်နေသဘောထားမျိုး ရှိသလဲ ဆိုတာ ခွဲခြားနိုင်ကြောင်း ဗြိတိန်အမျိုးသား အိပ်စက်ခြင်း သုတေသနနှင့် အကြံပေးအဖွဲ့ရဲ့ ဒါရိုက်တာ ဖြစ်သူ ပါမောက္ခ ခရစ်အစ်ဇီကောစကီးက သိပ္ပံနည်းကျ လေ့လာတွေ့ရှိ အတည်ပြုပေးခဲ့ ပါတယ်။ သူ့ရဲ့ တွေ့ရှိချက်အရ လူတွေဟာ အိပ်ရင် အောက်ပါ အိပ်စက်နည်း ၆ နည်းထဲက တစ်နည်းနည်းအတိုင်း ကိုယ်နေဟန်ထားပြီး အိပ်ကြတယ်လို့ တွေ့ရှိရပါတယ်။





သန္ဓေသားပုံစံ (Foetus) -ကွေးကွေးလေးအိပ်တဲ့ပုံစံ.. အပြင်ပန်း မာကျောပြီး စိတ်အတွင်းပိုင်း နုနယ်သူများ ဖြစ်ကြပါတယ်။ လူတစ်ယောက်ကို တွေ့တွေ့ချင်း ရှက်ကိုးရှက်ကန်း ဖြစ်တတ်ပေမယ့် ခဏနေရင်တော့ သက်သာရ ရသွားတတ်ကြပါတယ်။ သူတစ်ပါး အပေါ် ဆက်ဆံရာမှာ ခင်မင်နှစ်လိုဖွယ် သိပ်မရှိတဲ့ အမူအရာမျိုးနဲ့ ဆက်ဆံတတ်ပေမယ့် တကယ်ခင်သွားရင် နွေးထွေးပွင့်လင်းတဲ့ နှလုံးသား ရှိသူတွေလို့ ဆိုပါတယ်။ ဒါဟာ လူဆယ်ယောက်မှာ လေးယောက် အိပ်တတ်တဲ့ ပုံစံ ဖြစ်လို့ အများဆုံး ပုံစံလို့ ဆိုနိုင်ပါတယ်။ ဒီပုံစံနဲ့ အိပ်သူတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် နှစ်ဆ ပိုများတာ တွေ့ရပါတယ်။


သစ်တုံး (Log) - ဘေးတစ်စောင်း နေပြီး လက်တွေ ဆန့်ထားတဲ့ ပုံစံမျိုး အိပ်တဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီလို အိပ်လေ့ ရှိသူတွေဟာ ပျော်ပျော်နေသေခဲ စိတ်ဓာတ်မျိုး ရှိကြပါတယ်။ လူစုလူဝေး ကြားထဲ နေထိုင်ဆက်ဆံရတာ ကြိုက်နှစ်သက်တတ်ကြပြီး ဘယ်အသိုင်းအ၀ိုင်းမျိုးပဲ ဖြစ်ဖြစ် ၀င်ဆံ့သူများလို့ ဆိုနိုင်ပြီး သူတို့ရဲ့ အားနည်းချက်ကတော့ လူတွေကို အရမ်းယုံလွယ်တတ်တာပဲ ဖြစ်ပါတယ်။


တမ်းတသူ (Yearner) – အိပ်ရင် ဘေးဘက်ကို လက်တွေ ထားအိပ်တဲ့ ပုံစံ ဖြစ်ပါတယ်။ ပွင့်လင်းတဲ့ သဘောသဘာဝ ရှိသလိုလိုနဲ့ အတွင်းစိတ်က သံသယ များသူတွေ ဖြစ်ကြပြီး လူတွေအားလုံးကို အတ္တသမားတွေ၊ မရိုးသားသူတွေပဲလို့ ထင်မြင်တတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားချက်က တော်ရုံတန်ရုံ ဆုံးဖြတ်ချက်လေး တစ်ခုလောက်ကို ချဖို့တောင် ချီတုံချတုံ ဖြစ်နေတတ်သလို ဆုံးဖြတ်ချက် တစ်ခုကို ချပြီးတာနဲ့ ပြောင်းလဲကျင့်သုံးဖို့လည်း ၀န်မလေးသူတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။


စစ်သား (Soldier) – ပက်လက်အိပ်ပြီး ဘေးနှစ်ဖက်ကို လက်တွေ ဆန့်ချထားသူတွေ ဖြစ်ပါတယ်။ ဒီလိုအိပ်တတ်သူတွေဟာ ယေဘုယျအားဖြင့် ရေငုံနှုတ်ပိတ် သမားများ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို တော်ရုံနဲ့ ထုတ်မပြောတတ်သူတွေ ဖြစ်ကြပါတယ်။ ခံစားမှု လွန်ကဲ ပေါက်ကွဲမှုတွေကို မနှစ်သက် သလို ကိုယ့်ကိုယ်ကိုရော ဘေးလူကိုပါ အဲဒီလို မဖြစ်အောင် ထိန်းသိမ်းနိုင်သူတွေလည်း ဖြစ်ကြပါတယ်တဲ့။


ဖရီးဖောခုန်သူ (Freefaller) - မှောက်လျက် ခေါင်းစောင်း အိပ်ရင်း ခေါင်းအုံးနားမှာ လက်တွေ ထားတတ်သူတွေ ဖြစ်ပါတယ်။ လူစုဖွဲ့ နေထိုင်ရတာကို ပျော်ရွှင်သူတွေ ဖြစ်ပြီး များသောအားဖြင့် တက်ကြွလန်းဆန်းကာ ခင်ဖို့ ကောင်းသူတွေ ဖြစ်တတ်ကြပါတယ်။ မကောင်းတဲ့ အချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲကာ သူတစ်ပါးအပေါ် အရိုအသေတန်တတ်ကြတာ ဖြစ်ပါတယ်။ ဒီလို အပြင်ပန်း ဖြစ်နေပေမယ့် အတွင်းစိတ်က စိုးရိမ်လွန်ကဲတတ်ပြီး သူများဝေဖန်ရင် ထိခိုက်လွယ်သူများ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းသူများ ဖြစ်တတ်ကြတာလည်း တွေ့ရပါတယ်။ အစွန်းရောက်တဲ့ သဘာထားကွာဟမှုတွေ ကြားထဲ မရှင်သန်လိုသလို ဝေဖန်မှုကိုလည်း မကြိုက်သူတွေ ဖြစ်ပါတယ်။


ကြယ်ငါး (Starfish) - ပက်လက်အိပ်ရင်း ခေါင်းအုံးနားမှာ လက်တွေ ထားတတ်သူတွေ ဖြစ်ပါတယ်။ သူတစ်ပါး စကားကို အကောင်းဆုံး နားထောင်ပေးသူများ၊ အကူအညီလိုရင် ကူညီတတ်သူများ ဖြစ်လို့ လူချစ်လူခင် ပေါသူများ ဖြစ်ပါတယ်။ သူတစ်ပါး ကိုပဲ အာရုံစိုက်ပေးချင်ပြီး ကိုယ့်ကို အားလုံး အာရုံဝိုင်းစိုက်၊ ၀ိုင်းပြောရင် မကြိုက်သူများ ဖြစ်ပါတယ်။


အထက်ပါ အိပ်စက်ခြင်း ကိုယ်နေဟန်များဟာ နာမကျန်း ဖြစ်နေခြင်း၊ မူးယစ်သေစာ သောက်စားထားခြင်း၊ ပင်ပန်းမှု လွန်ကဲခြင်း စတာတွေ မရှိတဲ့ အချိန်မှာ စဉ်းစားရမှာ ဖြစ်ပြီး ညစဉ် လူတစ်ယောက် များသော အားဖြင့် အိပ်တတ်တဲ့ ပုံစံလို့ ဆိုလိုပါတယ်။ ဒါ့အပြင် လူနှစ်ဆယ်မှာ တစ်ဦးဟာ တစ်ညတည်းမှာ ပုံစံမျိုးစုံ ပြောင်းလဲ အိပ်စက်တတ်လို့ စိတ်နေသဘောထားကို အိပ်စက်ခြင်းကနေ မှန်းရခက်တယ်လို့ ပါမောက္ခခရစ်က တွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အိပ်စက်မှု ပုံစံများ ဆက်စပ်မှုကို ပြောပြရရင် ဖရီးဖောခုန်သူ ပုံစံက အစာကျေလွယ်ပြီး ကြယ်ငါးနဲ့ စစ်သား ပုံစံတွေက ဟောက်ခြင်း၊ အိပ်မက်ဆိုး မက်ခြင်းတွေနဲ့ ပိုနီးစပ်စေပါတယ်။





(၉) အနောက်တိုင်းမှာ အိမ်ထောင်ရှင် စုံတွဲလေးတွဲမှာ တစ်တွဲဟာ အိပ်ရာခွဲအိပ်ကြတာ တွေ့ရှိရပါတယ်။ ဒါပေမဲ့ ခွဲအိပ်လို့ သူတို့ ဇနီးမောင်နှံတွေက ပိုမတွယ်တာကြဘူးလို့ မဆိုလိုနိုင်သလို ပျမ်းမျှ အသက် ၅၀ ကျော်အထိ တစ်ယောက်အပေါ် တစ်ယောက် စိတ်ဝင်စားတပ်မက်မှု ရှိနေသေးတာဟာ အရှေ့တိုင်းနဲ့ ကွာတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ လိင်မှုကိစ္စနဲ့ ဆိုင်တဲ့ ကျန်းမာရေး အသိ၊ အိမ်ထောင်ဖက် အပေါ် ကောင်းစွာ နားလည်ထိန်းကျောင်းနိုင်တဲ့ လူသားစိတ်ပညာ (Human Psychology) နားလည်မှု၊ မည်သို့ပင် ကျားမ ရှုပ်ထွေးသော အနောက်တိုင်းယဉ်ကျေးမှု ရှိနေသော်လည်း မိသားစုကို နံပါတ်တစ် တန်ဖိုးထားမှု၊ ရင့်ကျက်မှု၊ တစ်အိမ်ထောင်စုချင်း၏ ၀င်ငွေမြင့်မားမှု စတာတွေက အဓိက ကျတယ်လို့ အရှေ့တိုင်း လူမှုရေးစိတ်ပညာရှင်များက လေ့လာတွေ့ရှိထားပါတယ်။





(၁၀) တိုက်ပွဲဝင် ဗြိတိန်တပ်မတော်သားတွေဟာ စစ်မြေပြင်မှာ ၃၆ နာရီအထိ မအိပ်ဘဲ နိုးကြားစွာ နေနိုင်တဲ့ နည်းလမ်းကို ပထမဆုံး စသုံးခဲ့သူတွေလို့ သိရပါတယ်။ သူတို့ရဲ့ လျှို့ဝှက်ချက်က ပင်ပန်းနွမ်းနယ်လာရင် နေရောင်ခြည်နဲ့ တူတဲ့ အလင်းရောင် တောက်ပမှုမျိုး ထုတ်လွှတ်ပေးနိုင်တဲ့ အထူးအမြင်အာရုံ ကိရိယာ (Special Visor) ကို မျက်မှန်လိုမျိုး တပ်ဆင်လိုက်တာနဲ့ ပင်ပန်းနွမ်းနယ် အိပ်ချင်စိတ်တွေ ပျောက်သွားကာ တစ်ရက်ခွဲခန့် ဆက်တိုက် နိုးကြားနေနိုင်ပါသတဲ့။


(၁၁) နို့တိုက်သတ္တ၀ါတွေထဲမှာ တစ်နေ့အိပ်ချိန်အနည်းဆုံး သတ္တ၀ါက သစ်ကုလားအုတ် ဖြစ်ပြီး တစ်နေ့လုံး စုစုပေါင်း အိပ်ချိန် ပျမ်းမျှ ၁ နာရီနဲ့ ၅၄ မိနစ်ပဲ ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါတောင် သူက တစ်ဆက်တည်း အိပ်တာ မဟုတ်ဘဲ ၅ မိနစ် ၁၀ မိနစ်လောက်လေးတွေ ခွဲခွဲပြီး ခဏခဏ အိပ်တတ်တာလို့ သိရပါတယ်။ သူ့အနောက်က သမင် (၃ နာရီ ၅ မိနစ်)၊ အာရှဆင် (၃ နာရီ ၆ မိနစ်) တို့က ဒုတိယနဲ့ တတိယ လိုက်ကြပါတယ်။ တစ်နေ့အိပ်ချိန် အများဆုံး နို့တိုက်သတ္တ၀ါတွေကတော့ ခိုအားလားဝက်ဝံ (၂၂ နာရီ)၊ လင်းနို့ (၁၉ နာရီ ၅၄ မိနစ်)၊ သင်းခွေချပ် (၁၈ နာရီ) တို့ အသီးသီးဖြစ်ကြပါတယ်။





(၁၂) အိပ်စက်နေချိန်မှာတောင်မှ ဦးနှောက်တစ်ခြမ်းပဲ အိပ်ပြီး တစ်ခြမ်း အလုပ်လုပ်သူတွေက လင်းပိုင်ငါးတွေ ဖြစ်ပါတယ်။ အဲဒီဦးနှောက်တစ်ခြမ်းက အသက်ရှူခြင်းကို တာဝန်ယူ ဆောင်ရွက်နေပါတယ်။


(၁၃) လူတစ်ယောက်ဟာ အစာနဲ့ အိပ်စက်ခြင်း မရရင် အာဟာရ ပြတ်ခြင်းကြောင့် အရင် မသေဘဲ မအိပ်ရခြင်းကြောင့် အရင်သေမှာ ဖြစ်ပါတယ်။ အစာပြတ်ရင် ၁၄ရက်အထိ ခံနိုင်ပေမယ့် ဆက်တိုက်မအိပ်ရတာ ဆယ်ရက်ကျော်သွားရင် သေနိုင်တယ်လို့ သိရပါတယ်။


(၁၄) ကမ္ဘာလောကကြီးကို တစ်ခါမှ မမြင်ဖူးတဲ့ မွေးရာပါ မျက်မမြင် တွေလည်း အိပ်မက်မက်တယ်လို့ သိရပါတယ်။ ၄င်းတို့ရဲ့ အိပ်မက်တွေဟာ ၄င်းတို့ ခံစားဖူးတဲ့ စိတ်ခံစားမှု၊ အထိအတွေ့၊ အနံ့၊ အရသာတွေသာ ပါတယ်လို့ သိရပါတယ်။


(၁၅) များသောအားဖြင့် နိုးပြီးပြီးချင်း ၅ မိနစ်အကြာမှာ မက်ခဲ့တဲ့ အိပ်မက်ရဲ့ ၅၀% ကို မေ့သွားပြီ ဖြစ်ပြီး ၁၀ မိနစ်အတွင်းမှာ ၉၀% မေ့သွားပြီလို့ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် မမေ့ချင်တဲ့ အိပ်မက်ဆိုရင် နိုးနိုးချင်း တစ်ယောက်ယောက်ကို ပြောပြလိုက်ခြင်း၊ ရေးမှတ်ထားခြင်းတို့ကို ပြုရပါမယ်။

Translated by : ဒေါက်တာသီဟသစ်

နေ့စဉ် ကွန်ပျူတာ သုံးသူများ၏ မျက်စိကျန်းမာရေးအတွက်


ကွန်ပျူတာ ရှေ့မှာ တစ်နေ့တာရဲ့ အချိန်တွေ တော်တော်များများ ရှိနေတတ်တဲ့ သူတွေ အားလုံးအတွက် ကွန်ပျူတာ အသုံးပြုရင်း မျက်စိကို ထိန်းသိမ်း စောင့်ရှောက်နည်းတွေ ဖော်ပြ ပေးလိုက်ပါတယ်။

အာရုံငါးပါးထဲမှာ အမြင်အာရုံဟာ ပျောက်ဆုံး ထိခိုက်သွားလို့ မဖြစ်ဆုံး အာရုံ ဖြစ်လို့ ဂရုတစိုက် မပျင်းမရိ ထိန်းသိမ်း သွားသင့်ပါတယ်။ ဒီအတွက် လိုက်နာသင့်တဲ့ အချက်များကတော့ …………….

(၁) အနေအထား မှန်ပါစေ
မော်နီတာနဲ့ သင့်ရဲ့ မျက်လုံးကြားက နေရာ အထားအသိုဟာ မျက်စိကျန်းမာရေး အတွက် မထိခိုက်အောင် ထားဖို့ဟာ အရေးကြီးဆုံး လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံး အနေအထားကတော့ ရေပြင်ညီ တိုင်းကြည့်ရင် မော်နီတာရဲ့ မျက်နှာပြင်ဟာ သင့်မျက်စိအောက် တစ်ထွာလောက် အောက်နိမ့်နေသင့် ပါတယ်။

(တီဗွီ၊ ကွန်ပျူတာ စတဲ့ အလင်းထုတ်လွှတ်တဲ့ ပစ္စည်းများရဲ့ အလင်းပြင်းအားဟာ အောက်ဖက်ကို ပိုပြင်းထန်စွာ သက်ရောက်လို့ ၄င်းပစ္စည်းများကို အပြင်မှာ တင်ကာ ကြည့်ခြင်းကို လုံးဝ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြား တိုင်းပြည်တွေက အိမ်တွေမှာ တီဗွီကို ဘယ်အမြင့်မှာ ထားသလဲ မျက်စိထဲ ပြန်မြင်ယောင်ကြည့်ပါ။ လူအများကြည့်ဖို့ ထားတဲ့ အရက်ဘားလိုနေရာက တီဗွီတွေကလွဲလို့ အားလုံး ကြမ်းပြင်အထက် ၂ပေခွဲ ၃ ပေလောက် အမြင့်မှာပဲ ထားတာ မြင်ယောင်ကြည့်ပါ)



မျက်လုံးနဲ့ စကရင်ကြား အကွာအဝေးက ၂ ပေ ခွဲ အနည်းဆုံး ရှိသင့်ပါတယ်။ ဒါဟာ မျက်စိကျန်းမာရေး အတွက် စံအကွာအဝေး ဖြစ်ပါတယ်။ ဒီအကွာအဝေးထက် ပိုနီးရင် သင့်ရဲ့ မျက်လုံးထဲက အင်မတန် နူးညံ့တဲ့ Retina ခေါ် မြင်လွှာကလေးက မော်နီတာက ထွက်တဲ့ ရောင်ခြည်အလင်းများရဲ့ ပြင်းအားကို အဆမတန် ခံစားရမှာ ဖြစ်လို့ အရွယ်မတိုင်မီ ပါဝါတက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ အကြောတက်ခြင်းတွေ ပိုမို ခံစားရနိုင်ပါတယ်။

ဒါ့အပြင် ကွန်ပျူတာ ရှေ့မှာ တစ်နေ့ကို ၅ နာရီနဲ့ အထက် ပိုထိုင်သူများဟာ ကွန်ပျူတာနဲ့ နီးကပ်လေလေ ကွန်ပျူတာက ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက် စက်ကွင်းရဲ့ ဒဏ်ကို ပိုခံစားရလို့ အိပ်မပျော်တဲ့ ဝေဒနာ ပိုခံစားရလေလေ ဖြစ်ပါတယ်။ အထူးသဖြင့် မော်နီတာက LCD မဟုတ်ဘဲ CRT ဆို ထုတ်လွှတ်တဲ့ လျှပ်စစ်စက်ကွင်း ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ဒီလို ပြဿနာတွေ တတ်နိုင်သမျှ လျော့နည်းရအောင် သင့်ကွန်ပျူတာကို ဒီနေ့ကစပြီး စံအကွာအဝေးမှာ ရှိမရှိ စစ်ဆေးပြီး မရှိရင် ရွှေ့ပါ။

(၂) သင့်မော်နီတာရဲ့ အလင်းရောင်ကို အနည်းဆုံး လျှော့ချပါ
တစ်ဆင့်ချင်း လျှော့ချတဲ့ နည်းကို သုံးနိုင်ပါတယ်။ ဒီလို လျှော့ချလိုက်တဲ့ ခဏမှာတော့ ကြည့်ရတာ အားမရသလို တစ်ခုခု လိုနေသလို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့ အမျှ မသိသာတော့ပါဘူး။ ဒီအခါမှာ ထပ်မံလျှော့ချပေးပါ။ သင်မြင်ရတဲ့ အနည်းဆုံး အလင်းရောင်၊ အရောင်ပြင်းအားလောက် ရောက်တဲ့အထိ လျှော့ချပေးပါ။ မှောင်မိုက်နေတဲ့ အခန်းထဲမှာ ကွန်ပျူတာ သုံးခြင်း ရှောင်ကြဉ်ပါ။ သင့်နံဘေးမှာ အလင်းရောင် အတန်ငယ် ရှိနေပါစေ။ ရာသက်ပန် သုံးရမယ့် သင့်မျက်လုံးကို ဒီလောက်တော့ ညှာတာ လိုက်ပါ။


ရိုးရိုး မြင်ရတဲ့ မြင်ကွင်းနဲ့ Anti-reflective Lens ကို ဖောက်မြင်ရတဲ့ မြင်ကွင်း နှိုင်းယှဉ် ပြထားတာပါ
ပိုက်ဆံ အကုန်ခံနိုင်မယ် ဆိုရင်တော့ သင်ကွန်ပျူတာ သုံးနေစဉ် အတွင်း တပ်ဖို့ အလင်းပြန်မှု ကာကွယ်သော မှန်ဘီလူး (Anti-reflective Lens) နဲ့ လုပ်ထားတဲ့ မျက်မှန်ကို ၀ယ်ယူ တပ်ဆင်သင့်ပါတယ်။ မျက်မှန်ကို ပါဝါနဲ့ တတ်သူတွေလည်း ကွန်ပျူတာ သုံးနေကျ ဆိုရင် မျက်မှန်လုပ်ရင် Anti-reflective Lens လို့ မေးပြီး လုပ်လို့ ရပါတယ်။


(၃) မိနစ် ၂၀၊ ပေ၂၀၊ အခါ၂၀၊ ခြေလှမ်း ၂၀
ကွန်ပျူတာကို ဆက်တိုက် အသုံးပြု တော့မယ် ဆိုရင် အသုံးပြုလို့ မိနစ် ၂၀ လောက် ရှိရင် ခေါင်းကို ခဏ ဘေးဘက်လှည့်ပြီး ပေ ၂၀ အကွာက အရာဝတ္ထု တစ်ခုကို ကြည့်ပေးပါ။

အခါ ၂၀ လောက် မျက်တောင် ဖွင့်လိုက်ပိတ်လိုက် လုပ်ပေးခြင်းဖြင့် မျက်ဝန်း စိုစွတ်မှုကို ပြန်လည် ထိန်းသိမ်းပါ။

ခြေလှမ်း ၂၀ လောက် ထလျှောက်ပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်အောင် လုပ်ပေးပါ။ ကွန်ပျူတာ နေ့စဉ်အသုံးပြုသူတွေ အားလုံး လိပ်ခေါင်းဖြစ်ဖို့ အရမ်းနီးစပ်တာမို့ သွေးလှည့်ပတ်မှု ကောင်းအောင် နေထိုင်ဖို့ သတိပြုပါ။

(၄) မျက်စဉ်းခတ်ပေးပါ
ပုံမှန်အခြေအနေမှာ လူတစ်ယောက်ဟာ တစ်မိနစ်မှာ ၁၂-၁၄ ကြိမ်လောက် မျက်တောင်ခတ်ပေမယ့် ကွန်ပျူတာ ပေါ်မှာ အာရုံစူးစိုက်ပြီး အလုပ်လုပ်နေတဲ့ အချိန်မှာ တစ်မိနစ်ကို ၅-၆ ကြိမ်လောက်ပဲ မျက်တောင် ခတ်ဖြစ်တာ သင်သတိထားကြည့်ရင် သိမှာပါ။ ဒါဆိုရင် မျက်စိ ခြောက်သွေ့တာ ဖြစ်လာမှာ သေချာပါတယ်။

ပန်ကာနားမှာ နေပြီး လုပ်ရင် ပိုတောင် ဆိုးပါတယ်။ ဒီအတွက် မျက်စဉ်းတစ်ခုခု ဆောင်ထားသင့်ပြီး မျက်စိထဲက ခုလုခုလု ဖြစ်တယ်လို့ ခံစားရတိုင်း မျက်သား ခြောက်နေပြီ ဖြစ်လို့ မျက်စဉ်းလေး ခတ်ပေးပါ။

(၅) လွယ်ကူသော မျက်စိ အနားပေး နှိပ်နယ်ခြင်း
ကွန်ပျူတာရှေ့မှာ အလုပ်တစ်ခု ပြီးသွားတိုင်း ခါးဆန့်ဆန့် ထိုင်ကာ လက်ဖ၀ါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်ပါ။ နွေးနေတဲ့ လက်ဖ၀ါးနှစ်ဖက်နဲ့ မျက်စိကို အုပ်မိုးကာ မိနစ်ဝက်လောက် နေပေးပါ။ အံ့သြစရာ ကောင်းလောက်အောင် မျက်လုံးထဲက ပင်ပန်းနွမ်းနယ်မှုတွေ လျော့ပါးသွားတာ တွေ့ရပါမယ်။
(၆) အမြင်အာရုံအားပေးသော အစားအသောက်များ စားပေးပါ

မျက်လုံးအတွက် အများဆုံး လိုအပ်တဲ့ အာဟာရက ဗိုက်တာမင်အေ ဖြစ်ပြီး ဗိုက်တာမင်အေ ကြွယ်ဝတဲ့ အစားအသောက်တွေက အနီရောင်၊ အ၀ါရောင်၊ အစိမ်းရင့်ရောင် ပါတဲ့ အသီးအနှံများ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး၊ သင်္ဘောသီးနဲ့ ငါးကြီးဆီ တွေက မျက်စိအတွက် အကောင်းဆုံး ဓာတ်စာများလို့ ဆိုပါတယ်။
Probe by : ဒေါက်တာသီဟသစ်

ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန္တရာယ်မှုန့်အကြောင်း

ပီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး အကြော်လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ ထည့်ကြော်မကြော် လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင် စည်ပင်သာယာဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ နှစ်မျိုး အရေးယူသွားမယ် လို့ ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။

ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်တွေထဲက
 Bisphenol-A (BPA) အပါအ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။ ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။ အဲဒီလို လုပ်ရပ်တွေကို အကြော်ဖိုတွေနဲ့ နှစ်ပြန်ကြော် လုပ်ငန်းအချို့က လုပ်ကိုင်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကြားသိနေရတာ ကြာပါပြီ။ ဒါကြောင့် ဒီလို
ဝိသမလောဘနဲ့ စီးပွားရှာတဲ့ လုပ်ရပ်ကို လိုက်လံစစ်ဆေးပြီး အပြစ်ပေး တားဆီးနိုင်ဖို့ လိုအပ်လှသလို ပြည်သူ့ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်တဲ့ အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေတွေ ကျွန်တော်တို့နိုင်ငံမှာ အခိုင်အမာ ရှိလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ရေသန့်ဘူး ကိစ္စအတွက် ၀မ်းသာရပေမယ့် ကျွန်တော် နောက်ထပ် ဘ၀င်မကျဖြစ်နေလို့ တင်ပြချင်တဲ့ အချက်က အချိုမှုန့် ပါပဲ။ ကျွန်တော် သိသလောက် ကတော့ ယနေ့ကမ္ဘာပေါ်မှာ အချိုမှုန့်ကို နိုင်ငံတဲ့အ၀ှမ်း တွင်တွင်ကျယ်ကျယ် စားသုံးနေတဲ့ နိုင်ငံဆိုလို့ ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိမလားပဲ။ သေချာတာကတော့ အချိုမှုန့်ထုတ်ပြီး ကျွန်တော်တို့နိုင်ငံကို တင်သွင်းနေတဲ့ နိုင်ငံတွေကတော့ အချိုမှုန့် လုံးဝမစားကြဘူးဆိုတဲ့ အချက်ပါပဲ။ ဒီလို ဘေးအန္တရာယ် ရှိတယ်လို့ နိုင်ငံတော်က ကြေငြာထားပေမယ့် အချိုမှုန့်အရသာကို ပြည်သူတွေ စွဲနေလို့ ဆက်သုံးနေကြတာ မဖြစ်သင့်တော့ပါဘူး။ ဖြတ်သင့်ပါပြီ။



အဆိုးဆုံးကတော့ သူ့အရသာနဲ့သူ ဆိမ့်မွှေးကြွပ်ရွနေတဲ့ မြန်မာ့ရိုးရာ နှစ်ပြန်ကြော်များထဲမှာ အချိုမှုန့်တွေ အတုံးလိုက်အခဲလိုက် ထည့်နေတဲ့ ကိစ္စပါပဲ။ ပြည်သူတွေဘက်က တောင်းဆိုတာလည်း မဟုတ်ဘဲနဲ့၊ အဲဒီလောက်လဲ ထည့်စရာ မလိုဘဲနဲ့ကို ကိုယ့်အကြော်စုံ အရောင်းသွက်ရေး အတွက် ပြည်သူတွေ အချိုမှုန့်အန္တရာယ် များများတွေ့ပစေ ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ (တချို့ဆို အချိုမှုန့်နဲ့ မဆိုင်တဲ့ လက်ဖက်ရည်၊ ပူတင်း၊ ရွှေကြည် စတဲ့ စားစရာတွေမှာပါ ထည့်နေကြတာ အသိဥာဏ် မဲ့ရာ ရောက်ပါတယ်)

အချိုမှုန့် ဆိုတာ ဘာလဲ။
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။



အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။


(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီးမေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။


(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။


(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့် ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချိုမှုန့်ကပေးတဲ့
 အမျိုးသား ကျန်းမာရေး/လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)


(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင်
 အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။



(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။
Written by : ဒေါက်တာသီဟသစ်

ဖြည်းဖြည်းလာပါ အိုဇရာ (သို့) အိုမင်းလာမှုကို နှေးကွေးစေမည့် အဓိက နည်းလမ်းများ





အချိန်ကြာလာတာနဲ့အမျှ လူသားတိုင်း မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်တဲ့ အိုမင်းခြင်းကို သဘာဝထက် နှေးကွေးအောင် တားဆီးဖို့ အကောင်းဆုံး၊ အဓိက အကျဆုံးနဲ့ အရိုးရှင်းဆုံး အလွယ်ကူဆုံး နည်းလမ်းတွေကို အမေရိကန် ကျန်းမာရေး သုတေသီများက ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။


ဒီတွေ့ရှိချက်တွေဟာ ကမ္ဘာတစ်လွှားက လူပေါင်းများစွာရဲ့ အိုမင်းလာမှု အနေအထားနဲ့ ၄င်းတို့ရဲ့ စိတ်နေစိတ်ထား၊ စားသောက်နေထိုင်ပုံတွေကို နှိုင်းယှဉ်ကာ လေ့လာခဲ့တဲ့ လေ့လာချက်များရဲ့ ရလဒ်များ ဖြစ်ပါတယ်။


အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံး နေထိုင် သွားမယ် ဆိုရင် သင်အရွယ်ရောက်ပြီး သိပ်မကြာခင် ကတည်းက စသတိထားမိလာခဲ့တဲ့ သင့်ခန္ဓာကိုယ်က အိုမင်းဆုတ်ယုတ်လာမှုကို အလွန်နှေးကွေးစေမှာ ဖြစ်သလို နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါများ နဲ့ ဆီးချိုရောဂါ တို့ကိုပါ ကာကွယ်တားဆီး နိုင်မယ်လို့ ကျန်းမာရေးပညာရှင်များက ပြောဆိုပါတယ်။ ဒီနည်းလမ်းတွေကတော့ ................


(၁) Free Radicals ခေါ် ဓာတ်တိုးပစ္စည်းများ ကြွယ်ဝသော အစားအသောက်များကို ရှောင်ကြဉ်ခြင်း
Free Radicals တွေ ဆိုတာ ဓာတုနည်းအားဖြင့် မတည်မြဲနိုင်တဲ့ ဒြပ်ပေါင်းတွေ ဖြစ်ပြီး ဒီပစ္စည်းတွေဟာ သင့်ခန္ဓာကိုယ်က ဆဲလ်တွေကို အိုမင်းအောင် တိုက်ခိုက်ပြီး မျိုးရိုးဗီဇအမျှင် DNA ကိုပါ ပျက်စီးစေပါတယ်။ ဒါတွေကို တစ်နည်းအားဖြင့် ဓာတ်တိုးပစ္စည်း (Oxidants) များလို့ ခေါ်ပါတယ်။


ပုံမှန် နေ့စဉ် စားသောက်နေတဲ့ အထဲမှာ ဒီလို ဒြပ်ပေါင်းတွေ အနည်းငယ် ပါဝင်ပေမယ့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ ဒီပမာဏ လောက်တော့ ချေဖျက်ပေးနိုင်လို့ ကြီးကြီးမားမား ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဓာတ်တိုးပစ္စည်းတွေ အများကြီး ပါတဲ့ အစားအသောက်တွေ နေ့စဉ်စားရင်တော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ဘယ်လိုမှ မနိုင်တော့ဘဲ သင်ဟာ သူများထက် အိုမင်းမှု မြန်လာမှာ ဖြစ်လို့ တတ်နိုင်သမျှ ရှောင်ကြဉ် သင့်ပါတယ်။


ဓာတ်တိုးပစ္စည်းတွေ ကြွယ်ဝပြီး နေ့စဉ်ထိတွေ့ သုံးဆောင်ရင် သင့်ခန္ဓာကိုယ်က ဆဲလ်တွေကို အိုမင်းစေမယ့် အရာတွေ ကတော့ ဆေးလိပ်၊ အသားကင်၊ အရက်၊ မိုက်ကရိုဝေ့ဖ် မိုးဖိုနဲ့ ချက်ထားတဲ့ အစားအသောက်တွေ၊ လျှပ်စစ်စက်ကွင်းနဲ့ ဓာတ်ရောင်ခြည် သင့်ခြင်း၊ နေလောင်ခြင်း စတာတွေ ဖြစ်ပြီး အိုမင်းမှုနဲ့ သူ့ရဲ့ အကျိုးဆက်တွေ ဖြစ်တဲ့ ကာယအား၊ ဥာဏအား ကျဆင်းခြင်း၊ ရုပ်ဆင်းထိခိုက်ခြင်း စတာတွေကို မြန်မြန် မခံစားရချင်ရင်တော့ ဒီအရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။


ဇရာကို နှေးကွေးစေမယ့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့ အစားအသောက်တွေကတော့ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစိမ်းရင့်ရောင်၊ အနီရောင်၊ အ၀ါရောင် ရှိတဲ့ အသီးအနှံ မှန်သမျှ ဖြစ်ပါတယ်။





ဒါပေမယ့်လည်း အဲလို အသီးအနှံတွေ အများစုက ဓာတု ဓာတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေ ပက်ဖျန်း စိုက်ပျိုး ထားတာမို့ ယနေ့ခေတ်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင် လိုချင်လို့ အသီးအနှံ စားရင်တောင် ဓာတ်တိုးပစ္စည်းတွေ ပြန်စားရသလို ခန္ဓာကိုယ် အိုမင်းမှုကို အားပေးရာ ရောက်သလို ဖြစ်နေပါတယ်။


ဒါကြောင့် အသီးအနှံ ဟင်းသီးဟင်းရွက်တွေ စားသုံးရင် ရေနဲ့ အထပ်ထပ် ဆေးကြောပေးရပါမယ်။ အကောင်းဆုံး နည်းလမ်းကတော့ အော်ဂဲနစ် သီးနှံတွေ ၀ယ်စားတာပဲ ဖြစ်ပါတယ်။


(၂) တတ်နိုင်သမျှ ရောင်ယမ်းခြင်း မဖြစ်အောင် နေခြင်း
သင့်ခန္ဓာကိုယ်မှာ ဖြစ်သမျှသော ရောင်ယမ်းမှုတွေဟာ သင့်ကို အိုမင်းစေတယ်လို့ ယူဆရပါမယ်။ ရောင်ယမ်းခြင်းလို့ ဆိုရာမှာ မြင်သာတဲ့ ရောင်ယမ်းမှုမျိုး သာမက ကင်ဆာ နဲ့ ဆီးချို ရောဂါတို့ဟာ ကိုယ်အတွင်း ကြီးမားသော ရောင်ယမ်းခြင်းတွေ ဖြစ်တဲ့ အတွက် ဒီရောဂါတွေ မရှိအောင် ဆင်ခြင်နေထိုင်သင့်ပါတယ်။ ဒီရောဂါတွေ ရှိရင် အရွယ်ကျတာ သင့်မျက်မြင်ပါပဲ။


ဒီတော့ ဒီလို ရောင်ယမ်းခြင်း တစ်ခုခု သင့်ကိုယ်မှာ ရှိနေပြီ ဆိုရင် ရောင်ယမ်းခြင်းကို ကျဆင်းစေမယ့် နနွင်း၊ ချောကလက်အညို၊ စတဲ့ အစားအသောက်တွေကို နေ့စဉ် စားပေးသင့်ပါတယ်။


မြေထဲပင်လယ်ဒေသရဲ့ အစားအသောက် ပုံစံ (Mediterranean-style diet) ကလည်း ရောင်ယမ်းမှုကို အထူးသက်သာစေကြောင်း သုတေသနပြု တွေ့ရှိထားရပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ သံလွင်ဆီကို အဓိက သုံးစွဲ ချက်ပြုတ်ပြီး ငါး၊ လတ်ဆတ်တဲ့ အသီးအရွက်၊ ကြက်သား၊ ပင်လယ်စာ စတာတွေ ပါဝင်တဲ့ ဟင်းလျာများပဲ ဖြစ်ပါတယ်။



မြေထဲပင်လယ်ဒေသရဲ့ အစားအသောက် ပုံစံ (Mediterranean-style diet)  ရဲ့ အဓိက ပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်


အကောင်းဆုံး အရောင်ကျစေတဲ့ နည်းတစ်ခုကတော့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ခြင်း ဖြစ်ပြီး ဒါဟာ စိတ်ပျို ကိုယ်နုစေတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ လွန်ကဲပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားမှု လုပ်ရင်လဲ free radical တွေ အရမ်းထွက်စေပြီး အိုမင်းခြင်းကို အားပေးတာ သတိချပ်သင့်ပါတယ်။


(၃) အစားအသောက်များကို သကြားပေါင်းခြင်း (Glycation) မဖြစ်အောင် ချက်ပြုတ်စားခြင်း
သကြားပေါင်းခြင်း (Glycation) ဆိုတဲ့ ဝေါဟာရဟာ သကြားဓာတ် မော်လီကျူးတွေက အသားဓာတ်နဲ့ အဆီဓာတ်ကို သွားပေါင်းပြီး မော်လီကျူး အသစ်တွေ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကို ကိုယ်စားပြုပါတယ်။ Advanced Glycation Endproducts လို့ ခေါ်တဲ့ AGEs ဆိုတဲ့ ဒြပ်ပေါင်းတွေဟာ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ ဆဲလ်တွေရဲ့ အိုမင်းမှုကို အဆမတန် မြန်စေတဲ့ အာနိသင် ရှိကြောင်း မကြာသေးမီကမှ တွေ့ရှိထားရပါတယ်။


အပူပြင်းပြင်းနဲ့ ချက်ရင် ဒီဒြပ်ပေါင်းတွေ အရမ်းဖြစ်လွယ်တဲ့အတွက် မီးပြင်းပြင်းနဲ့ ချက်ပြုတ်ခြင်းကို တတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။ အဆီများများ၊ အချိုဓာတ်များများ၊ ကစီဓာတ်များများ ပါဝင်ပြီး မီးပြင်းပြင်းနဲ့ ချက်တဲ့ အစားအသောက်တွေ အားလုံးမှာ AGEs တွေ မြင့်မားစွာ ပါဝင်နေပြီး ဒါမျိုးတွေကိုမှ အရသာတွေ့ကာ နေ့စဉ်စားသုံးရင် သူများတွေထက် အိုမင်းမှု သိသိသာသာ ပိုမြန်စေတာ သိပ္ပံနည်းကျ လေ့လာ တွေ့ရှိရပါတယ်။ ငယ်ရွယ်သူတွေဟာ မသိသာသေးပေမယ့် အသက်ကလေး ရလာတာနဲ့အမျှ စုခံရမှာ ဖြစ်ပါတယ်။ အချိုလျှော့စားတာလည်း အိုမင်းမှုကို နှေးကွေးစေပါတယ်။


(၄) ရေရှည် စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ခြင်း
စိတ်ဖိစီးမှုဟာ နာတာရှည် ဖြစ်လာတာနဲ့ အမျှ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေတဲ့ ဟော်မုန်းမျိုးစုံ ခန္ဓာကိုယ်မှာ ထွက်အောင် အစပျိုး ဖန်တီးပါတယ်။ ဒီဟော်မုန်းတွေရဲ့ သက်ရောက်မှုကို လျှော့ချဖို့ ကော်တီဇော (Cortisol) လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်း တစ်မျိုးကို သင့်ခန္ဓာကိုယ်က တန်ပြန်ပြီး ထပ်ထုတ်ပါတယ်။ ဒီဟော်မုန်းဟာ Stress Hormone လို့ လူသိများပြီး ခဏခဏ မြင့်မားစွာ ထွက်နေမယ် ဆိုရင် အရွယ်မတိုင်ခင် အိုမင်းစေပါတယ်။





ဒါကြောင့် သောကတွေ အားလုံး ခေါင်းထဲ စုထည့်ထားပြီး အချိန်ပြည့် ခံစားနေတတ်တဲ့ အကျင့် ရှိနေရင် ပြင်သင့်ပါတယ်။ ဖြေရှင်းရမယ့် အချိန်မှာ သေချာ စဉ်းစားဖြေရှင်းရင်း ပေါ့ပေါ့ပါးပါး ဖြတ်သန်းတာက အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ တရားရှုမှတ်ခြင်း၊ သမထ ထိုင်ခြင်း စတာတွေဟာ စိတ်ဖိစီးမှုကို သိသာစွာ သက်သာစေပြီး ငြိမ့်ညောင်းတဲ့ ဂီတနားထောင်ခြင်း၊ အပန်းဖြေခရီးထွက်ခြင်း၊ မိတ်ဆွေများနဲ့ ရောက်တတ်ရာရာ စကားပြောခြင်း စတာတွေကလည်း အရွယ်တင်နုပျိုခြင်းကို သွယ်ဝိုက် အကျိုးပြုတဲ့ နည်းလမ်းကောင်းများ ပါပဲ။
Probe by : ဒေါက်တာသီဟသစ်Last Updated at 2010-09-21 on 07:08:58